ကျုံဒိုး၊ မေ ၈

ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးမှာ မေလအစောပိုင်းက စစ်ကူလာတဲ့ စစ်ကောင်စီ တပ်မ ၂၂ လက် အောက်ခံစစ်ကြောင်းတွေ ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရတာကြောင့် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရက် ၂၀ ကျော်ကြာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်၊ ကျုံဒိုးတိုက်ပွဲတွေမှာ စစ်ကူပေးပို့ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက တပ်မ ၂၂ ပါဝင်တဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းဟာ ကျုံဒိုးမြို့အနီးက ကျေးရွာတွေဘက်ကို ဦးတည်လာပြီး စစ်ကြောင်းထိုးရောက်ရှိလာခဲ့တာပါ။

အဲဒီစစ်ကြောင်းတွေကို KNLA တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်က အရာရှိအဆင့်တွေအပါအဝင် ၃၀ ထက်မနည်း သေဆုံးသွားခဲ့ပြီး လက် နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။

ကျုံဒိုးမြို့ သိမ်းပိုက်မခံရဖို့နဲ့ ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ကျုံဒိုးမြို့အနီး ဘားအံမြို့ နယ် ဂျိုင်းဒေသထဲကို ရောက်ရှိလာခဲ့ပြီး တပ်စွဲထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့က စတင်ခဲ့တဲ့ ကော့ကရိတ် ကျုံဒိုးတိုက်ပွဲမှာ KNLA တော်လှန်ရေးအင် အားစုအဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းနဲ့ ဂိတ်စခန်းတွေအချို့ကို သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေတဲ့ အောင်ဇေယျစစ်ကြောင်းတွေအပါအဝင် တပ်ရင်းဌာနချုပ်တွေကိုပါ တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

ရက် ၂၀ ကျော်ကြာ ကော့ကရိတ် ကျုံဒိုးထဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရရှိမှု များ ပြားခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတချို့ ရှိနေခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။

တိုက်ပွဲတွေထဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးသွားခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူဦးရေ တစ်သိန်းဝန်းကျင် စစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.