ဘီးလင်း၊ မေ ၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာနဲ့ အနိုင်းပွန်ကျေးရွာကြားမှာရှိတဲ့ ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ မေ ၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ နှင်းပုလဲဘူတာ နဲ့ တောင်စွန်းဘူတာကြား ရထားလမ်း မိုင်တိုင်အမှတ် ၁၁၂/ ၁၀- ၁၁ ကြား တံတားအမှတ် ၆၅ ၊ ပေ ၈၀ တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ရထားလမ်း တံတားမှာ ပေ ၄၀ ကျော် ပြိုကျပျက်စီးသွားပြီး ရထားခရီးစဉ်တွေလည်း ယာယီဖျက်သိမ်းလိုက်ရပါတယ်။

မော်လမြိုင်ဘူတာကြီးဘက်ကတော့ ရထားလမ်းပျက်စီးသွားတဲ့အတွက် မေ  ၆ ရက်နေ့မှာ ထွက်ခွာမယ့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်နဲ့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ် နှစ်ခုကို ယာယီဖျက်သိမ်းထားတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဝယ်ယူထားတဲ့ ရထားလက်မှတ်ခတွေကိုလည်း မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံမှာ ပြန်အမ်းပေးသွားတယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက်နေ့ကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ ဒေသအခေါ် မိုးကောင်းတံတား မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မော်လမြိုင်ဘူတာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.