မော်စကို၊ မေ ၆
ယူကရိန်းက မော်စကိုမြို့ကို နှစ်ည ဆက်တိုက် ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။
မြို့တော်ရှိ အဓိကလေဆိပ် လေးခုစလုံးကို ဘေးကင်းရေးအတွက် ပိတ်ထားခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လည် ဖွင့်လှစ်ခဲ့တယ်လို့ ရုရှား လေကြောင်း ပျံသန်းမှုစောင့်ကြည့်ရေး အဖွဲ့ Rosaviatsia က တယ်လီဂရမ်မှာ ဖော်ပြပါတယ်။

မတူညီတဲ့နေရာတွေ အများကြီးက ဝင်ရောက်လာတဲ့ ယူကရိန်း ဒရုန်း ၁၉ စီးထက်မနည်းကို မြို့နယ်နိမိတ်ထဲ ဝင်ရောက်မလာခင် ပစ်ချ ဖျက်စီးနိုင်ခဲ့တယ်လို့ မော်စကိုမြို့တော်ဝန် ဆာဂျီ ဆိုဘီယံနင်က ပြောပါတယ်။
မြို့တော်ရဲ့ အဓိက အဝေးပြေးလမ်းမပေါ်မှာ အပျက်အစီး တချို့ ပြုတ်ကျခဲ့ပေမယ့် ထိခိုက် သေဆုံးသူ မရှိဘူးလို့ သူက ပြောပါတယ်။
ယူကရိန်းက မှတ်ချက် မပေးသေးပေမယ့် ခါကိဗ်မြို့တော်ဝန်က ရုရှားကလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး မြို့တော် ကိဗ်ဒေသတွေမှာလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီလို ဒရုန်း တိုက်ခိုက်မှုကြောင့် လူ တစ်ဦး သေဆုံးကြောင်း ယူကရိန်း အိုဒက်ဆာဒေသ အုပ်ချုပ်ရေးမှူးက ပြောကြားထားပါတယ်။
နှစ်ညဆက်တိုက် တိုက်ခိုက်မှုအဖြစ် ယူကရိန်းက မေ ၅ ရက် ညသန်းခေါင်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ယူကရိန်း ဒရုန်း ၂၆ စီးကို ဖျက်စီးပစ်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းတပ်တွေက ရုရှား နယ်မြေတွေထဲကို နောက်ထပ် ထိုးဖောက် ဝင်ရောက်ဖို့ ကြိုးပမ်းနေချိန်မှာ အခုလို တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် ဓာတ်အားပေး ထရန်စဖော်မာတွေ ပျက်စီးမှု ရှိသလို တံတားတွေလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း ရုရှား စစ်ရေး ဘလော့ဂါတွေက ဖော်ပြထားတာ ဖြစ်ပါတယ်။
Ref:BBC