ဝါရှင်တန်၊ မေ ၆
အွန်လိုင်း လိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ နယ်စပ် ဖြတ်ကျော် မှောင်ခိုကူးမှုတွေအတွက် ကရင်အမျိုးသားတပ် KNA ခေါင်းဆောင် စောချစ်သူနဲ့ သူ့ရဲ့ သားနှစ်ဦးကို အမေရိကန်က မေ ၅ ရက်မှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
အရင် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူဟာ အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်နေတဲ့ ကျားဖြန့် လုပ်ငန်းကွန်ရက် တစ်ခုရဲ့ အဓိကပုဂ္ဂိုလ် ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောတာပါ။

မကြာသေးခင် နှစ်တွေက အရှေ့တောင်အာရှတဝန်း လူထောင်ပေါင်းများစွာကို ရာဇဝတ်ဂိုဏ်းတွေက ပြန်ပေးဆွဲပြီး ကျားဖြန့်လုပ်ငန်းတွေမှာ အတင်းအကြပ် အလုပ်စေခိုင်းနေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
BGF ကို ကရင် အမျိုးသားတပ် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ စောချစ်သူအပေါ် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ထားတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုတာပါ။
သူ့ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ထူးအယ်မူးနဲ့စောချစ်ချစ်တို့ကိုလည်း အရေးယူ ပိတ်ဆို့မှု ပြုလုပ်ထားကြောင်း အဲဒီ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

သူတို့တွေရဲ့ အမေရိကန်မှာ ရှိနိုင်တဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရမှာ ဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေနဲ့ စီးပွားရေး တွဲလုပ်ခွင့် ရှိတော့မှာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ရေးပါတယ်။
ဗြိတိန်နဲ့ ဥရောပသမဂ္ဂ အီးယူတို့ကလည်း စောချစ်သူအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
BGF/KNA ဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ အထူး စီးပွားရေးဇုန် ရွှေကုက္ကိုလ်မှာ ဌာနချုပ်ထားရှိပြီး ပြန်ပေးဆွဲလာသူတွေကို အလုပ်စေခိုင်းထားတဲ့ အဆောက်အဦတွေအတွက် လုံခြုံရေး တာဝန်ယူပေးနေပါတယ်။
BGF/KNA က လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေလို အွန်လိုင်း လူလိမ်ဂိုဏ်းတွေဟာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေ အတွက် နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီ ရှာပေးနေတယ်လို့ အမေရိကန် လက်ထောက် ဘဏ္ဍာရေးဝန်ကြီး မိုက်ကယ် ဖော်ကန်ဒါက ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Reuters