ကသာ၊ မေ ၆
စစ်ကိုင်းတိုင်း ကသာအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် CDM ကျောင်းဆရာ တစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ယက် PPNM ထံက သိရပါတယ်။
အသက် ၃၃ နှစ်အရွယ် CDM ကျောင်းဆရာကိုဟိဏ်းမင်းသူ ခေါ် အာနိုးဟာ ကသာအကျဉ်းထောင် အတွင်း အတက်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့မှာ သေဆုံးခဲ့တာပါ။
ကိုမင်းဟိဏ်းသူဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာ စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၀ (ည)၊ ၅၂ (က)၊ ၅၂ (ခ) တို့နဲ့ မတရား ဖမ်းဆီးခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရပါတယ်။
သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ ကျောင်းဆရာ တစ်ဦး ဖြစ်ပြီး အင်းတော်မြို့ နွေဦးတော်လှန်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း ကျန်းမာရေး စောင့်ရှောက်မှု မရရှိတာ ကြောင့် နိုင်ငံတစ်ဝန်းက အကျဉ်းထောင် တွေမှာ နိုင်ငံရေးအကျဉ်းသား ၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media