ဖာပွန်၊ မေ ၆

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲပစ်ခတ်မှုတွေကြောင့် ဧပြီလ တစ်လတာအတွင်း အရပ်သားပြည်သူတွေ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုက မေ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ တစ်လတာအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး တိုက်ပွဲငယ် စုစု ပေါင်း ၁၃၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးအဆင့် ၂ ဦး၊ တပ်ကြပ်ကြီးအဆင့် ၁ ဦးအပါအဝင် ၃၉ ဦး သေဆုံးခဲ့ပြီး ဒုတပ်ကြပ် ၁ ဦးအပါအဝင် ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အဆောက်အဦး ၉ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ၇ ကြိမ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ် သား ပြည်သူလူထုတွေ လုပ်ကိုင်စားသောက်ရာနေရာတွေလည်း ထိခိုက်ပျက်စီးခဲ့ရပြီး စိုးရိမ်ထိတ် လန့်မှုများစွာနဲ့ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၇၀၀၀၀ နီးပါးရှိနေပြီး စစ်ဘေးရှောင်ပြည်သူတွေဟာ စလူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ပြည် တွင်းကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ CIDKP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ကတော့ အပစ်ရပ်စဲမယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းကြဲချတိုက်ခိုက်မှုတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုနှုန်း မြှင့်တက်လာနေခဲ့ပါတယ်။

လက်ရှိ ဖြစ်ပွားနေဆဲ ကျုံဒိုး၊ ကော့ကရိတ်တိုက်ပွဲကြောင့် စစ်ကောင်စီတပ်က KNU တပ်မဟာ ၆ နယ်မြေနဲ့ တပ်မဟာ ၇ နယ်မြေတွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်လျက်ရှိနေပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံးခဲ့ရသလို ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.