“အခုကတည်းက ဒီ IDP တွေက တစ်သိန်းစွန်းစွန်းဖြစ်နေပြီ။ ကျန်တဲ့ ကျုံဒိုးတို့ ကော့ကရိတ် ပတ်ဝန်းကျင် အနောက်ဘက် မွန်နယ်စပ်နဲ့ တောင်ဘက် ကြာအင်းဆိပ်ကြီးတို့ ကျိုက်ဒုံတို့ဘက်ကို စစ်မီးထပ်ကူးဖို့ တော်တော်လေးကို အခြေအနေ များနေတယ်” – နိုင်အဲမွန် HURFOM
ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးရှိ ကျေးရွာတွေကို ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်ခဲ့ပါတယ်။
အရပ်သားတွေ နေထိုင်ရာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂၀ နီးပါးသေဆုံးပြီး ကျေးရွာ ၃၀ လောက်က ဒေသခံ တစ်သိန်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
လက်ရှိ စစ်ဘေးရှောင်တွေရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။ သူတို့တွေ ဘာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ မကြာခင် မိုးကျတော့မှာမို့ စစ်ဘေးရှောင်တွေ ကြုံလာရနိုင်တဲ့ စိန်ခေါ်မှုတွေအကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။
မေး – ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေ ဘယ်လိုနေရာတွေမှာ တိမ်းရှောင်နေကြရပြီး ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်နေကြရလဲ။
ဖြေ – လတ်တလော လေကြောင်းနဲ့ ဗုံးကြဲမှုတွေကြောင့် ထိခိုက်ခံရတဲ့နေရာတွေကတော့ ရွာပေါင်း ၃၀ လောက် ရှိပါတယ်။ ဒီနေ့ (မေ ၁ ရက်) အထိပေါ့။ အတော်များများက မော်လမြိုင်၊ ကျိုက်မရောနဲ့ မြို့နဲ့နီးတဲ့ သူတို့ရဲ့အသိမိတ်ဆွေတွေဆီမှာ ခိုနေတာများတယ်။
တံတားကျိုးတို့ လှိုင်ဝတို့ အင်းကြီးတို့ နွားခြံကုန်းတို့ ရေပူကြီးတို့ နောင်တမန်တို့ အဲဒီလို ကျေးရွာဘက်က လူတွေကျတော့ ဘားအံဘက်ကို ခိုတာ များတယ်။ ကော့ကရိတ်ဘက်က မွန်တွေက မော်လမြိုင်က အသိတွေ၊ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ သွားခိုတာလည်း ရှိတယ်။
ခုနက စစ်ဘေးဒဏ်သင့်တဲ့ ရွာက ကျောင်းလာထိုင် သီတင်းသုံးတဲ့ မော်လမြိုင်မြို့ပေါ်က တိုက်ကျောင်းတွေဖြစ်တဲ့ ရွာသစ်ကျောင်းတို့ ဓမ္မသတ်ဘက်က ဒကာတွေ လူငယ်အင်အားစုတွေ ကျေးရွာက လူငယ်အသင်းအဖွဲ့တွေကနေ ကူတာလည်း တွေ့ရတယ်။
ကျန်တာကတော့ တပ်မဟာ ၆ အရှေ့ဘက်က စစ်ရှောင်စခန်းတွေမှာ အနည်းအကျဉ်း ရှောင်နေကြတာ ကြားရတယ်။ နောက်တခါ ကော့ကရိတ်-ကျုံဒိုးကားလမ်းဘေးက ကရင်ရွာတွေနဲ့မွန်ရွာတွေမှာ ရှောင်တာ စုစုပေါင်း ကျွန်တော်တို့ရဲ့ မြေပြင်ဒေတာ စုစုပေါင်း သုံးသောင်းကျော်မယ် ထင်တယ်။
မနေ့က ဒေတာအရဆိုရင် ရွာပြင်က လယ်တောတွေ ရွာတွေ ဥယျာဉ်ခြံတွေနဲ့ရော်ဘာခြံတချို့တွေမှာ ခိုအောင်းနေထိုင်ကြတဲ့ အခြေအနေတွေလည်း ရှိတယ်။ စစ်ရေးကျွမ်းကျင်တဲ့သူတွေက ဘာပြောလဲဆိုရင် အဲဒီလိုနေတဲ့အခါ သတိနဲ့နေဖို့ ပြောတယ်။
အဓိကအားဖြင့် အပေါ်ကနေ ပစ်မှတ်တွေ တွေ့နေရပြီးသားဖြစ်တဲ့အတွက် လူတွေမြင်နေရရင် ပစ်ချသွားတာ ရှိမှာ စိုးရိမ်လို့ ပြောကြတယ်။ အခက်အခဲတွေကတော့ IDP တွေမှာ ဖြစ်လေ့ရှိတဲ့ မသေချာမရေရာခြင်းတွေနဲ့အသက်ဆက်နေရတဲ့ အခက်အခဲ မျှော်လင့်ချက်မဲ့နေတဲ့ အခက်အခဲရှိနေတယ်။
စားသောက်ရေး ခက်ခဲမှုတွေ ကုန်ခြောက်၊ ဆန်တို့ စတဲ့ ချို့တဲ့ခက်ခဲမှုတွေ စတာတွေ ဖြစ်နေတာ တွေ့ရတယ်။ မြေပြင်မှာရှိရင်းစွဲ ရွာတွေလိုက်ကူတဲ့ ရိက္ခာတွေ ပြတ်တောက်မှုလည်း ရှိနေတာ တချို့နေရာတွေမှာ တွေ့ရတယ်။
ပြီးခဲ့တဲ့ သုံးလေးရက်တုန်းက မိုးအကြီးအကျယ် ရွာထားတာရှိတယ်။ မုန်တိုင်းတွေ ဝင်ထားတာရှိတယ်။ အဲဒီ အခြေအနေမှာ ယာယီတဲထိုးနေရတဲ့ အနေအထားတွေရှိလာတယ်။ တဲထိုးဖို့ ပလတ်စတစ်တို့၊ တာလပတ်တို့ လိုအပ်တာတွေရှိတယ်။
ကျန်းမာရေးပိုင်းမှာ ထုံးစံအတိုင်း ဆေးဝါးတို့ အရေးပေါ်ကယ်ဆယ်ရေး၊ ကိရိယာပစ္စည်းတွေ တခြား အခြေခံလိုအပ်ချက်တွေ ဖြစ်တယ်။ တချို့ရက်တွေတုန်းကဆို မြေပြင်မှာ ချက်ပြုတ်ဖို့ မီးတောင် သုံးလို့မရဘူးလို့ ပြောတယ်။
ခုနက ကျွန်တော်ပြောတဲ့ ပစ်မှတ်တွေဖြစ်မှာစိုးလို့။ ခြုံပြီးပြောရရင် Physical အခက်အခဲတွေကနေ အသက်ဘေးစိုးရိမ်ရတဲ့ စိတ်ပိုင်းဆိုင်ရာတွေ ဖြစ်ပြီးတဲ့ ဖြစ်ရပ်ဆိုးတွေက တဆင့်ခံစားရတဲ့ စိတ်ဒဏ်ရာတွေ မပြည့်မစုံမှုတွေမှာ ခံစားရတဲ့ သိမ်ငယ်မှုတွေ မရေရာမှုတွေ အတော်များများ ကိုယ်စီပေါ့။ IDP တွေမှာ တွေ့နေရတာ ရှိတယ်။
မေး – ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ပြည်သူတွေထဲမှာ အမျိုးသမီး၊ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုတွေ ဘယ်လောက်ထိ ပါနေမလဲ။ သူတို့အတွက် အရေးတကြီး ဘာတွေ လိုအပ်နေမလဲ။
ဖြေ – စစ်ရေးဖြစ်တိုင်း ပိုပြီး ထိခိုက်နစ်နာခံစားရတဲ့သူတွေက ကလေးသူငယ်တွေ မသန်စွမ်းတွေ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ တွေ့ရစမြဲပဲ။ အခုလည်း သင်္ကြန်မတိုင်ခင်ကနေ ဖြစ်ခဲ့တဲ့ ကိစ္စ။အခါတွင်းမှာတင် တချို့က သရက်တောရွာတို့ ကမ်းနီရွာက လူတွေဆိုရင် ချက်ချင်း ပြောင်းရတာတွေ ရှိတယ်။
ကလေးသူငယ်တွေ မသန်စွမ်းတွေ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ သာသနာ့ဝန်ထမ်းတွေ သံဃာတော်တွေ သီလရှင်တွေလည်း ပါတာရှိတယ်။ တော်တော်များများက မော်လမြိုင်နဲ့ဘားအံမှာရှိတဲ့ သူတို့နဲ့သိတဲ့ ဘုန်းတော်ကြီးကျောင်းတို့ ယာယီစခန်းတွေမှာ နေရတဲ့ ပုံစံတွေရှိတယ်။
ကျန်တဲ့ အမျိုးသားတို့ ရွာသားတွေကျတော့ သက်ဆိုင်ရာက ကြုံရင်ကြုံသလို အိမ်တွေကို ပြန်ပြီးကြည့်တဲ့ အနေအထားတစ်ခု ရဖို့အတွက် တချို့ဆိုရင် ကုပ်ကပ်ပြီးတော့ သူတို့အနီးအနား ပတ်ဝန်းကျင်မှာပဲ စစ်ရှောင်နေတာလည်း တွေ့ရတယ်။
မေး – လက်ရှိမှာရော ကော့ကရိတ် – ကျုံဒိုးဘက်မှာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတော့ ထပ်မံတိမ်းရှောင်လာသူတွေ ဆက်ရှိနေမလား/ပိတ်မိသူတွေ ရှိနေလား။ လောလောဆယ်အထိ စစ်ရှောင်အရေအတွက် ဘယ်လောက်အထိ ရှိလာနေပြီလဲ။
ဖြေ – ကော့ကရိတ်မြို့ထဲ ရပ်ကွက်တွေနဲ့ မြို့နားတဝိုက် ပိတ်မိနေတဲ့ထဲမှာ ပါတယ်။ ခလရ ၅၄၅ တို့ ခမရ ၅၄၆၊ နောက် ခလရ ၂၃၁ အဲဒါတွေက စကစ ၁၂ ရဲ့ လက်အောက်ခံတပ်တွေ။ သူတို့ရဲ့ မဟာမိတ် BGF တွေကနေ မြို့ကို ပိတ်တဲ့ကိစ္စတွေကို လုပ်နေတာ။
အဝင်တွေရော အထွက်တွေရော မြေပြင်မှာ အဲဒီလိုတွေ သေနတ်နဲ့ခြိမ်းခြောက်ပြီးတော့ အပြင်ကလူလည်း အထဲမဝင်ရ၊ အထဲကလူလည်း အပြင်မထွက်ရဆိုတဲ့ ကိစ္စတွေ လုပ်နေတာ နှစ်ပတ်ကျော်ပြီ။
အပေါ်မှာလည်း ကင်းထောက်တွေ ဒရုန်းတွေသုံးပြီးတော့ စောင့်ကြည့်လေ့လာတာတွေ အသေးစားလေယာဉ်တွေ ဒရုန်းတွေသုံးပြီးတော့ ကြဲချတာတွေ ရှိတယ်။ တခါတလေ ဂျက်ဖိုက်တာတွေ ဝင်ပြီး ကြဲတာတွေ ရှိတယ်။
ပဲခူးတိုင်းအရှေ့ခြမ်းကို ကြဲပြီး ဒီဘက်ကို လာပြန်ဝင်လာတာတွေရှိတယ်။ တချို့ဆိုရင် ရွှေကျင်ကနေ တောက်လျှောက် ပြန်လာပြီးတော့ လာကြဲသွားတာ တွေလည်း ရှိတယ်။
ကော့ကရိတ်တို့ ကျုံဒိုးတို့နဲ့ ဒီဘက် ပဲခူးတိုင်းအရှေ့ခြမ်း သထုံအနောက်ခြမ်းတွေကို စကစက တလှည့်စီ ကြဲနေတာ တွေ့ရတယ်။ စုစုပေါင်းအရေအတွက် ခန့်မှန်းချက်က ဒီ IDP တွေက တစ်သိန်းစွန်းလောက်ရှိမယ်။
ဒါပေမယ့် အခုရက်ပိုင်းတွေမှာ ကိုယ့်အိမ်ကိုပြန်သွားပြီး အခြေအနေ ပြန်သွားကြည့်တာတို့ ခဏသွားပြီး အခြေအနေ ပြန်ကြည့်တဲ့ အရေအတွက်ကို နုတ်လိုက်မယ်ဆိုရင် အဲဒါတွေက ရာဂဏန်းလောက် ရှိမယ်။ နှစ်ရာ၊ သုံးရာထက် မလျော့ဘူး။
ဆိုတဲ့အခါ တစ်သိန်းလောက်မှာ ရာဂဏန်းလောက် နေ့တိုင်းလောက် အပြောင်းအလဲတော့ ရှိမယ်။ အဲဒီလောက်ထိ ခန့်မှန်းတယ်။ အဲဒါက ကျွန်တော်တို့ ခန့်မှန်းတာ မဟုတ်ဘူး။ ကရင်အရပ်ဖက်အဖွဲ့အစည်း တွေ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက CSO တွေစတဲ့ အဖွဲ့တွေက ခန့်မှန်းရလာတဲ့ အရေအတွက်ဖြစ်တယ်။ ဒီထက်မလျော့ပါဘူး။
မေး – စစ်ရှောင်ဒေသခံတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့တွေက အကူအညီပေးနေတာရှိမလဲ။ နောက် ဒီအပေါ် စစ်ကောင်စီဘက်က ကန့်သတ်တားမြစ်တာတွေ လုပ်နေလား။
ဖြေ – လူသားချင်းစာနာကူညီနေတဲ့ အဖွဲ့တွေကတော့ စဖြစ်ကာစကနေ တောက်လျှောက်ပါဝင်နေတာက ရပ်ရွာကလူငယ်တွေ ပရဟိတအဖွဲ့တွေ နယ်မြေခံဒေသခံတွေ တချို့သော စစ်ရှောင်တွေက မော်လမြိုင်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေ ကျိုက်မရောနဲ့ ဘားအံဘက်က ရွာတွေဆီကို ရောက်ကုန်တာ ရှိတယ်။
တချို့ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေပေါ့ သူတို့ကျေးဇူးကြောင့်ပေါ့။ ကျွန်တော်တို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ အနည်းဆုံး သုံးဖွဲ့ရှိတယ်။ ကရင်အဖွဲ့အပါအဝင်ပေါ့။
သူတို့တွေလည်း စစ်ရှောင်ကူညီနေကျအဖွဲ့တွေဆိုတော့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုအမြဲရှိတယ်။ စစ်ရှောင်တွေနဲ့ စစ်ဘေးဒုက္ခသည်ကို အမြဲတမ်းကူညီနေတဲ့ ကရင်အရပ်ဘက်အဖွဲ့တွေဆို တောင်ကြာအင်းတို့ မြောက်ကြာအင်းတို့ ရေပူတို့ ကော့ဝါးလယ်တို့ ရွာကလေးတို့ ရွာတန်းရှည်တို့မှာ တောက်လျှောက် ကူနေတာ တွေ့ရတယ်။
အဓိကက အစားအသောက်တွေနဲ့ ယာယီတဲတွေလုပ်တဲ့ ကိစ္စတွေမှာ ထဲထဲဝင်ဝင်ကူနေတယ်။ ခြုံပြောရမယ်ဆိုရင် CSO တွေက ထုံးစံအတိုင်းပဲ သူ့တာဝန်နဲ့သူကျေပွန်ပြီး လုပ်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။
နိုင်ငံတကာရန်ပုံငွေပိုက်ပြီးတော့ အဖွဲ့တွေမရောက်နိုင်တဲ့ နေရာတွေကို သွားမကူနိုင်တဲ့ ယူအန်အေဂျင်စီတွေ တချို့သော နိုင်ငံတကာအန်ဂျီအိုတွေကလွဲပြီးအတော်များများတော့ မြေပြင်မှာ ရှိပါတယ်။ ဒါတွေက လက်ရှိ ပတိအရှိတရားတွေ ကျွန်တော်ပြောပြခြင်း ဖြစ်ပါတယ်။
မေး – ကော့ကရိတ်- ကျုံဒိုး တိုက်ပွဲကလည်း ပိုမိုကျယ်ပြန့်လာနေတော့ စစ်ရှောင်အရေအတွက်ကလည်း တိုးလာနိုင်တဲ့အခြေအနေတစ်ရပ်မှာ ရှိနေတယ်။ မကြာခင် မိုးရာသီလည်း ရောက်ရှိလာတော့မှာမို့ သူတို့အတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ ကျန်းမာရေး စတာတွေ ဘယ်လို စိန်ခေါ်မှုရှိလာနိုင်မလဲ။
ဖြေ – အခက်အခဲတွေကတော့ လောလောဆယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်မှာတော့ မနေ့ကအထိတော့ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေတာတော့ ထင်ရာမြင်သာ တွေ့ရတယ်။ သံလွင်မြစ်ထဲမှာကို စစ်သင်္ဘောတွေ စပိဘုတ်တွေနဲ့ အရန်သင့် ပြင်ဆင်ထားတဲ့ အနေအထားရှိတယ်။
တဖက်ကလည်း စစ်မှုထမ်းအတင်းခေါ် ဖြည့်ထားတဲ့ လူငယ်တွေ အတော်များများ ဖြုန်းနိုင်တဲ့ အနေအထားရှိတော့ စစ်ရေး ဖော်ဆောင်နိုင်ခြေရှိတယ်။ ကျေးရွာတွေထဲမှာဆိုရင် အိမ်တွေ အဆောက်အဦတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေယာဉ်နဲ့ဗုံးကြဲတာကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆက်လုပ်နေမယ့် အခြေအနေတော့ ရှိမယ်။ ဒါက သူတို့ရဲ့ မဟာဗျူဟာပဲလေ။
ဆိုတော့ အခုကတည်းက ဒီ IDP တွေက တစ်သိန်းစွန်းစွန်းဖြစ်နေပြီ။ ကျန်တဲ့ ကျုံဒိုးတို့ ကော့ကရိတ် ပတ်ဝန်းကျင် အနောက်ဘက် မွန်နယ်စပ်နဲ့ တောင်ဘက် ကြာအင်းဆိပ်ကြီးတို့ ကျိုက်ဒုံတို့ဘက်ကို စစ်မီးထပ်ကူးဖို့ တော်တော်လေးကို အခြေအနေ များနေတယ်။
အခုလိုမျိုး ပွင့်လင်းရာသီမှာတောင် ဒုက္ခပေါင်း သောင်းခြောက်ထောင်နဲ့ စစ်ရှောင်နေရတော့ လာမယ့်မိုးရာသီမှာ ပိုဆိုးလာနိုင်ဖွယ်ရာရှိတယ်။ ဒီဒေသက မိုးတွင်းဆို ရေကြီးရေလျှံတာ အမြဲဖြစ်တယ်။ စိုစိုစွတ်စွတ်နဲ့ ဘယ်လိုစစ်ဘေးရှောင်ကြမလဲဆိုတာ မတွေးဝံစရာပဲ။ ကျွန်တော်တို့ အတွေ့အကြုံအရဆို တော်တော်လေးခက်ခဲမယ့် အနေအထားတစ်ခု ဖြတ်သန်းရမယ်။
တဖက်က ကြည့်ရင် စစ်မီးငြိမ်းဖို့ အဓိကက စစ်ကောင်စီကိုယ်တိုင် ဒီဘက်က တွန်းလှန်ခုခံနေတဲ့ အင်အားစုတွေကိုယ်တိုင်က အပစ်ရပ်မယ်ဆိုတာ မတွေ့ရဘူး။ အပစ်ရပ်တာ အဖြေတစ်ခုလို့ မသတ်မှတ်ကြတော့ ပြည်သူတွေက ဆက်ပြီး ဒီ စစ်မီးကို အဆိုးဆုံးရင်ဆိုင်ရဖို့ပဲ ရှိတော့တယ်။
ပိုပြီး ခက်တာက မြန်မာပြည်မှာဖြစ်တဲ့ စကစက လုပ်တဲ့ ပဋိပက္ခတိုင်းမှာ အကြောင်းအရာက ထပ်နေတော့ နိုင်ငံတကာကလည်း ဒါတွေ ပထမဦးစားပေး ဖြေရှင်းလို့ ရမယ့်ကိစ္စလို့ သဘောမထားဘူး။
နေရာတိုင်းမှာ လေယာဉ်နဲ့တိုက်ခိုက်နေတယ်။ စစ်ရှောင်တွေကလည်း နေရာတိုင်းမှာ ရှိတယ်ဆိုတော့ ဒါကြီးက ရိုးအီနေတဲ့ အကြောင်းအရာ ချိုးဖောက်မှုလို့ သူတို့သတ်မှတ်တဲ့ ကိစ္စ မဟုတ်တော့တာ တွေ့ရတယ်။
ကျနော် ပြောချင်တာက နိုင်ငံတကာက မြန်မာ့အရေးနဲ့ ကြည့်မယ်ဆိုရင် သာမန်ပုံစံလို ဖြစ်သွားတဲ့အနေအထား ဖြစ်တဲ့အတွက် ဒါဟာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ဆိုးကျိုးသက်ရောက်မှု ကို ပိုပြီးဖြစ်စေတဲ့ အကြောင်းတရား ဖြစ်တယ်။ နိုင်ငံတကာကလည်း သူ့ပြဿနာနဲ့ သူလေ။ အခုလို အိန္ဒိယနဲ့ ပါကစ္စတန်နဲ့ ဖြစ်ကြပြီ။
ဆိုတော့ အဲဒါတွေက သတင်းတွေဖုံးလာမယ့်သဘော ရှိတယ်။ တစ်ခုခုဆို ထုံးစံအတိုင်း ကြိတ်ခံရမယ့် အနေအထားရှိတယ်။ ဒေသတွင်း အာဆီယံကလည်း တစ်ခုခုဆိုရင် နေပြည်တော်ကို တစ်ဖက်သတ် ကူတာ၊ လူရာသွင်းတာ။ စစ်မီးတောက်စေဖို့ အခြေအနေကို ဖန်တီးနေတာနဲ့ အတူတူပဲ။
အဆိုးဆုံးကတော့ ဒီနှစ်ပိုင်းမှာ အမေရိကားက စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီပေးတာတွေ အများစုက ပြတ်ကုန်တာဖြစ်လို့ ပိုပြီး ဆိုးဝါးလာစေပါတယ်။ တဖက်ကလည်း NUG နဲ့ဝန်ကြီးဌာနတွေကလည်း ဒါတွေကို အကုန်လုံးဆောင်ရွက်နိုင်စွမ်းက နည်းတော့ အဆိုးဆုံး အခြေအနေကိုတော့ ရင်ဆိုင်ကျော်လွားရရုံပဲ ရှိတယ်လို့ ကျွန်တော်သုံးသပ်တယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media