ထား၀ယ်၊ ဧပြီ ၂၈
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦး သေဆုံးခဲ့ပြီး ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
အင်အား ၃၀ ၀န်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဧပြီ ၂၆ ရက် မနက် ၆ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခွဲ အချိန်ခန့်မှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် မနက် ၆ နာရီကနေ ညနေ ၅ နာရီအချိန်ခန့်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦး သေဆုံးခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာ၀န်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့သလို မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့ စခန်းအနီးမှာ တပ်စွဲထားတဲ့ စခန်းတွေကနေ တစ်နေ့လုံးနီးပါး လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သလို လေကြောင်းကနေ ၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇဟာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ဇနီးမောင်နှံနှစ်ဦးသေဆုံးခဲ့ပြီး ရဟန်း နှစ်ပါးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဟားလီးကွေ့ တပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှာ ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ရေဖြူ-ထားဝယ်အပိုင်းမှာ ထပ်မံတိုးချဲ့ကာ ဘန်ကာတွေဖြင့် အခိုင်အမာတည်ဆောက်ထားတဲ့ တပ်စခန်းတစ်ခု ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို ဓ၀ယ်အမျိုးသားလွတ်မြောက် ရေးတပ်တော် (DNLA)ရဲ့ ဦးဆောင်မှုနဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDPF)၊ KNU တပ်မဟာ (၄) တပ်ရင်း (၁၂) တပ်ခွဲ (၅)၊ ဥဩစစ်ကြောင်း၊ Dawei Guerrilla Revolutionary Force (DGRF)၊ Tavoy People Liberation Force (TPLF)၊ ဒေါနတပ်ခွဲ (၇)၊ Sky Ghost Drone Force၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစုတွေက ပူး ပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသ ထီးခီးဒေသထဲရှိ စစ်ကောင်စီရဲ့ ထီးထဗျူဟာစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း