နေပြည်တော် ၊ ဧပြီ ၂၉
စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ နိုင်ငံတဝန်းရှိ လက်နက်ကိုင်အဖွဲ့တွေကို လေးနှစ်ကျော် တိုက်ပွဲရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ စစ်လက်နက်တွေ စွမ်းဆောင်ရည်မြင့်မားအောင် ထုတ်လုပ်ဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဧပြီ ၂၆ ရက်နေ့က နေပြည်တော်ရှိ နယ်မြေခံတပ်ဌာနချုပ်ခန်းမမှာ ကျင်းပတဲ့ ၇၅ နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်ခေါင်းဆောင်တွေဟာ ပြည်တွင်းမှာတင် လက်နက်ခဲယမ်းတွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းခဲ့ကြတာကြောင့် ၁၉၅၀ ပြည့်နှစ် ဧပြီ ၂၆ ရက်နေ့မှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်လက်နက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေဟာ စစ်မြေပြင်မှာ မှတ်ကျောက်တင်ခံရမှာဖြစ်တဲ့အ တွက် အရည်အသွေးပိုကောင်းသထက်ကောင်းအောင် စွမ်းဆောင်နိုင်ရည်မြင့်မားသထက် မြင့်မားအောင် နယ်ပယ်စုံကနေ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့တာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်လက်နက်တွေကို အရည်အသွေးမြှင့်ဖို့ပြောနေပေမယ့် လက်ရှိအခြေအနေမှာ ကပစစက်ရုံတွေ အရင်လိုရာနှုန်းပြည့် လည်ပတ်နိုင်အောင် ကျားကန်နေရဆဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်လက်နက်တွေ အဆင့်မြှင့်ပြီးထုတ်ဖို့ ပြောတာရှိသလို ကပစ ၂၁ အခြေစိုက် ကန်စွန်းမကိုလည်း တရုတ်ပညာသည်တွေ အင်အားအရေအတွက်တော်တော်များများ ရောက်လာဖို့ ရှိနေတယ်ပေါ့။ တချို့ ဗုံးသီးတွေ ခဲယမ်းတွေကို အရည်အသွေးမြှင့်လာမယ့် အနေအထားမျိုး ရှိတာကို တွေ့ရတယ်။ ပြီးတော့ကျ အရည်အသွေးမြှင့်ဖို့ဆိုတာတော့ ၇၅ နှစ်မြောက် ကပထုတ်တပ်ဖွဲ့နေ့မှာ ထုံးစံအတိုင်း ဒွိဟ (မသေချာ မရေရာ) ပြောကြားခြင်းဖြစ်ပါတယ်။ အခုလက်ရှိကတော့ ပုံမှန်အတိုင်းပဲ လက်နက်ခဲယမ်း ထုတ်လုပ်ရေးကို အရင်လိုမျိုး ရာနှုန်းပြည့် လည်ပတ်အောင် သူတို့ ကျားကန်နေရဆဲဖြစ်ပါတယ် ခင်ဗျ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့က မကွေးတိုင်းရှိ ကပစ စက်ရုံသုံးခုအပါအဝင် အမှတ် ၉ လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ်တို့ကို လျှပ်စစ်မီးပေးနေတဲ့ စလင်းမြို့နယ်ရှိ တညောင်ဓာတ်အားခွဲရုံ တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီအတွက် ဓာတ်အားခွဲရုံမှာရှိတဲ့ ထရမ်စဖော်မာ အလုံး ၈၀ ကျော် ပျက်စီးသွားခဲ့တာကြောင့် အမှတ် ၂၀၊၂၁ နဲ့ ၂၅ က ကပစ စက်ရုံတွေကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတယ်လို့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ ဗမာ့တပ်တော် Bama Army က ဧပြီ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။
ဧပြီ ၂၅ ရက်နေ့ကလည်း မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁၃ ကပစ စက်ရုံကို ဒေသတွင်းအခြေစိုက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒီအတွက်ကြောင့် ကပစ ၁၃ စက်ရုံအတွင်းရှိ အစပျိုးယမ်း (Primer) စက်ရုံအပါအဝင် အခြားစက်ရုံတွေ ထိမှန်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုရှိခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုကို ဦးဆောင်တဲ့ Brave Warriors For Myanmar-BWM တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောထားတာပါ။
ကပစ ၁၃ စက်ရုံဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသုံးနေတဲ့ အသေးစားကျည်ဆံကအစ အကြီးစားလေယာဉ်ဗုံးသီးတွေအထိ ထုတ်လုပ်ရာမှာ အဓိကအသုံးပြုရတဲ့ Detonator နဲ့ Primer တွေကို အဓိက ထုတ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်အနေနဲ့ ကျည်ဆံကစပြီး လက်ပစ်ဗုံးနဲ့ missile (ဒုံးကျည်) အထိ ကပစ ၁၃ ရဲ့ Primer စက်ရုံက ထုတ်လုပ်မှုတွေကို အသုံးပြုနေရတဲ့အတွက် အဲဒီစက်ရုံ ပျက်စီးရင် အခြားစက်ရုံက ထုတ်လုပ်မှုလည်း ထိခိုက်သွားနိုင်တယ်လို့ ဆိုထားတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က ကပစ စက်ရုံထုတ် သေနတ်တွေထဲမှာ ခြေလျင်တပ်သုံးလက်နက်တွေအပါအဝင် အမြောက်လက်နက်တွေနဲ့ ဒုံးလက်နက်တွေကိုပါ စစ်ကောင်စီတပ်က လက်ရှိ တိုက်ပွဲတွေအတွင်း အသုံးပြုနေတာလို့ ပြောပါတယ်။
“သူတို့ရဲ့ အဓိက ဌာနကြီးတွေဖြစ်တဲ့ ခြေလျင်တပ်သုံးလက်နက်ဌာနကြီး၊ အမြောက်လက်နက် ဌာနကြီးပြီးရင် ဒုံးလက်နက်ဌာနကြီးဆိုတဲ့ အောက်မှာရှိတဲ့ စက်ရုံတွေအားလုံးက ပြည်တွင်းထုတ် လေ ယာဉ်ဗုံးသီးကအစ အဓိကထားပြီးသုံးတယ်။ အဓိက လက်နက်ငယ်/ကြီး ပြီးရင် စိန်ပြောင်း မော် တာ အမြောက်ခဲယမ်းတွေကို အဓိက ထားပြီး သုံးပါတယ်ဗျ။ ဒါ ကြည်းတပ်နဲ့ လေတပ်မှာပေါ့။ လေတပ်ဆိုရင်တော့ ပြည်တွင်းဖြစ် ကပစ စက်ရုံက ထုတ်တဲ့ဟာတွေ သုံးသလို နိုင်ငံခြားဖြစ်တွေလည်း ရှိတယ်။ အဓိက တရုတ်နဲ့ရှရုားဆီကနေ ဝယ်ယူတယ်လို့ သိရပါတယ်ဗျ” လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ကတော့ “Power To The Forces” စစ်တပ်အတွက် စွမ်းအားဖြစ်စေရမယ် ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ စွမ်းရည်ပြည့်ဝတဲ့ စစ်လက်နက်ပစ္စည်းတွေကို စစ်တပ်ထံ ထုတ်လုပ်ပေးနိုင်ခဲ့တဲ့အတွက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ဝင် ၅၀၀ ကျော်ကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေနဲ့ ပေးအပ်ဂုဏ်ပြုခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံးလက်အောက်မှာ ကပစ စက်ရုံ ၂၅ ရုံအထိ လည်ပတ်နေပြီး အဲဒီစက်ရုံတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အလှမ်းဝေးတဲ့ ဒေသတွေမှာ တည်ဆောက်ထားတာပါ။
အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်အပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့မှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကပစ စက်ရုံတွေ တည်ရှိပြီး မကွေးတိုင်းက ၁၇ ရုံနဲ့ အများဆုံးဖြစ်ကာ ပဲခူးတိုင်းက ၇ ရုံနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/AA