ကော့ကရိတ်၊ ဧပြီ ၂၉

နှစ်ဖက်တိုက်ပွဲ ပြင်းထန်‌နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကျုံဒိုးမြို့ တိုက်ပွဲတွေကြောင့် မြို့ တော် ဘားအံမြို့ပေါ်မှာ စစ်သင်္ဘောပေါ်တွေ ချထားတဲ့အပြင် မြစ်ကမ်းအနီးက ကျေးရွာတွေအချို့မှာ ကင်းပုန်းဝပ်တပ်စွဲထားတာတွေ ရှိနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ဘားအံမြို့ပေါ် သံလွင်မြစ်ကမ်းမှာ စစ်ကောင်စီတပ်က စစ်သင်္ဘောတစ်စီးနဲ့ ထုံးအိုင်ကျေးရွာအနီးမှာ စစ်သင်္ဘောတစ်စီးတို့ကို ချထားပြီး ဒေသတွင်းလုံခြုံရေးစောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါ့အပြင် ဘားအံမြို့အနောက်ဘက် သံလွင်မြစ်ကမ်းတလျှောက်က နှစ်ခြား၊ ကော့ဂွန်းစတဲ့ ကျေးရွာတွေအချို့မှာ ဧပြီ ၁၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က တပ်အင်အားချနေရာယူ တပ်စွဲထားကာ လုံခြုံရေးစောင့်ကြပ်ကြည့်တာ၊ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်တာတွေ ရှိနေတာပါ။

နှစ်ခြားကျေးရွာအတွင်း တပ်စွဲရောက်ရှိလာနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူတွေအပေါ် ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်နေပြီး စစ်ကောင်စီတပ်သားတွေ လာရောက်တပ်စွဲနေထိုင်ကြတဲ့အတွက် ဒေသခံရွာသားအချို့ တိမ်းရှောင်နေတာတွေ ရှိနေတယ်လို့ ဒေသခံရွာသားတွေက ဆိုကြပါတယ်။

အခုလို သံလွင်မြစ်ကမ်းပေါ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေ လုံခြုံရေးယူတာနဲ့ မြစ်ကမ်းတလျှောက်က ကျေးရွာတွေအချို့မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးကင်းပုန်းဝပ်နေရာယူတာတွေ ရှိနေတာဟာ ဘားအံမြို့ကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်နေတဲ့အတွက် လုံခြုံရေးကြိုတင်ချထားတာ ဖြစ်တယ်လို့လည်း နယ်မြေခံတွေက သုံးသပ်ပြောဆိုတာတွေ ရှိနေတာပါ။

တဖက်မှာ‌တော့ စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ ၁ နယ်မြေ ဘားအံမြို့ သံလွင်မြစ်ကမ်းအနောက်ဘက်က ကျေးရွာတွေအပေါ် လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်တာတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လက်ရှိ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကျုံဒိုးမြို့အနီးတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေအကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ကော့ကရိတ် ကျုံဒိုးမြို့ မကျရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူကို အပြင်းအထန် အသုံးပြုတိုက်ခိုက်သလို တပ်အင်အားအများအပြား ဖြည့်ဆည်းနေတယ်လို့လည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.