ဝါရှင်တန်၊ ဧပြီ ၂၆

မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန် ကိုယ်စားလှယ် စတိဇ် ဝစ်ကော့ဖ်တို့ ဆွေးနွေးပြီးနောက် နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ရုရှားနဲ့ယူကရိန်းကြား သဘောတူညီမှု ရရှိဖို့ အရမ်း နီးစပ်နေပြီလို့ ပြောကြားလိုက်ပါတယ်။

ယူကရိန်း ပါဝင်မှု မရှိခဲ့တဲ့ ဆွေးနွေးမှုတွေ အပြုသဘောဆောင်တယ်လို့ ကရင်မလင်နန်းတော်က ပြောထားပြီး ထရန့်က ဆွေးနွေးညှိနှိုင်းမှု နေ့ရက်ကောင်း တစ်ရက်နဲ့ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

ဆွေးနွေးမှုအတွင်း အဓိက အချက်အများစုကို သဘောတူညီခဲ့ကြပြီး ယူကရိန်းနဲ့ရုရှားအနေနဲ့ အပြီးသတ် သဘောတူညီမှု ရယူရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးကြဖို့ သမ္မတ ထရန့်က စောစောပိုင်းမှာ လူမှုမီဒီယာက တဆင့် တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေး ရုရှားဘက်က သဘောတူဖို့ လိုအပ်တာကြောင့် အမှန်တကယ် ဖိအားပေးရမှာ ဖြစ်ကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောကြားထားပါတယ်။

ခြွင်းချက်မရှိ အပစ်ရပ် သဘောတူညီပြီးရင် နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်တွေကို ကိဗ်နဲ့မော်စကိုကြား တိုက်ရိုက် ဆွေးနွေးနိုင်တယ်လို့ ယူကရိန်းက ပြောဆိုထားပါတယ်။

အမေရိကန် အဆိုပြုချက်အရ ယူကရိန်းအနေနဲ့ နယ်မြေတွေ အများကြီးကို ရုရှားဆီ လက်လွှတ်ပေးရဖို့ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ခရိုင်းမီးယားဒေသကို လက်လွှတ်ရမယ့် အရေးနဲ့ပတ်သက်လို့ ယူကရိန်းက အသည်းအသန် ပယ်ချထားပါတယ်။

၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားဒေသကို သိမ်းယူခဲ့တဲ့ ရုရှားဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရာနှုန်းပြည့် စတင် ကျူးကျော် တိုက်ခိုက်ခဲ့ပြီး လက်ရှိ ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.