“နယ်မြေစိုးမိုးရေးနဲ့ ထိန်းချုပ်ရေးကိုတော့ လောလောဆယ်မှာတော့ လုပ်ဖို့မရှိသေးဘူးဆိုတာ ပြောချင်တယ်။ ပြည်သူတွေရဲ လုံခြုံရေးနဲ့ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို ဟန့်တားနိုင်ဖို့အတွက် ရံဖန်ရံခါ ကျွန်တော်တို့ စစ်ဆေးရေးတွေ ထိန်းချုပ်ရေး တနည်းတဖုံပေါ့။ လုပ်ဆောင်မှုတွေကတော့ အဆင်ပြေရင် ပြေသလို ဆောင်ရွက်သွားမှာ ဖြစ်တယ်” – နိုင်နဂါး (MSRF)
မွန်နဲ့ တနင်္သာရီအစပ်မှာ လှုပ်ရှားနေကြတဲ့ ဒေါနစစ်ကြောင်း (၃) နဲ့ မွန်၊ ကရင်၊ ထားဝယ် ABSDF စတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရတယ်။ အဲဒီထဲမှာ မွန်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP-AD နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ပါဝင်တယ်လို့ သိရတယ်။
ဧပြီ ၁၇ ရက်နေ့က တပ်ဖွဲ့တွေရဲ့ တာဝန်ရှိသူတွေအချင်းချင်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဖို့ သဘောတူညီမှု ရရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလိုမျိုး မွန်နဲ့တနင်္သာရီဒေသက စစ်အာဏာရှင်ကို တွန်းလှန်နေကြတဲ့ အဖွဲ့တွေပေါင်းစည်းမှုက ဘယ်လိုသဘောကို ဆောင်ပါသလဲ။ ဘယ်လိုမျိုး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်သွားဖို့ရှိမလဲ။ နောက်ပြီး သူတို့လှုပ်ရှားမယ့်ဒေသမှာ နယ်မြေစိုးမိုးမှုတွေရအောင် ဆက်လက်လုပ်ဆောင်သွားဖို့ရှိမလားဆိုတဲ့အကြောင်းအရာတွေကို မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးနဲ့ သံလွင်တိုင်းမ်က မေးမြန်းထားပါတယ်။
မေး – အာဏာသိမ်းမှု လေးနှစ်ကျော်လာချိန်မှာ အခုလို ဒေသတွင်းလှုပ်ရှားနေကြတဲ့ တပ်ဖွဲ့တွေ ဘာကြောင့် စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာလဲ။
ဖြေ – မွန်ပြည်တော်လှန်ရေးတပ် MSRF က တော်လှန်ရေး စတင်ကတည်းက ဒေါနစစ်ကြောင်း၊ ABSDF နဲ့ အခြားသော မဟာမိတ်တပ် PDF တပ်တွေနဲ့အတူ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာခဲ့တာ။ အခုမှ မဟုတ်ဘူး။ ဟိုအရင်တည်းက စပြီးတော့ လုပ်နေကြတယ်။
အခုက AD က ထွက်လာပြီး ပါဝင်လာတဲ့အပေါ်မှာ ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံပြီးတော့ စကားပြော ဆွေးနွေး သဘောတူညီချက်ရတယ်။
KNU တပ်မဟာ ၆ တပ်ရင်း ၂၇ ကလည်း ပါလာတယ်။ တပ်ရင်း ၂၇ ကလည်း အရင်တည်းက ရံဖန်ရံခါ ပူးတွဲ စစ်ရေးလုပ်တာတွေ ရှိတယ်။ ဒါကြောင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံရန်သူကို အောင်မြင်စွာတိုက်နိုင်မယ်။ မဟာမိတ်ပေါင်းစုခြင်း ဖွဲ့တယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။
မေး – ပူးတွဲကြေညာချက်ထဲမှာ ရေဖြူမြို့နယ်အတွင်း ဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ထိရောက်စွာ ဟန့်တားနိုင်ဖို့ ရည်ရွယ်ထားတာရှိတော့ လက်ရှိမှာ စစ်ကောင်စီဘက်က ဘယ်လိုမျိုး လှုပ်ရှားနေတာရှိမလဲ။
ဖြေ – အကြမ်းဖက်စစ်ကောင်စီတပ်တွေက ရေဖြူမြို့နယ်တဝိုက်မှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ စစ်ကြောင်းထိုးမှုတွေ ခပ်စိပ်စိပ်လုပ် လာတာရှိတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ကျွန်တော်တို့ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ထိတွေ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့တာ ရှိတယ်။
ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ပြည်သူတွေဆီက သတင်းပို့ထားတာ ရှိတယ်။ မောရဝတီ တပ်ရင်းဘက်မှာလည်း ရန်သူတပ်ရင်း ၃၊ ၄ ရင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ လှုပ်ရှားနေတာတွေ ဒေတာတွေရှိတယ်။
ပင်လယ်ပြင်ကနေ စစ်သင်္ဘောကြီးတွေက သူတို့တပ်တွေလှုပ်ရှားမှုတွေမှာ ပါဝင်နေတာတွေ့ရတယ်။ အထူးသဖြင့် ရေဖြူမြို့နဲ့ မောရဝတီစခန်းမှာပေါ့။
မေး – အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးထဲက မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအစပ် ရေး-ထားဝယ် လမ်းပိုင်းကျတော့ရော စစ်ကောင်စီဘက်က ဘယ်လိုမျိုး လှုပ်ရှားနေတာရှိမလဲ။
ဖြေ – အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး တလျှောက်မှာတော့ ရန်သူစစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်လာတယ်။ လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိနေတယ်။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပြီးတော့ အိုးပစ်အိမ်ပစ်ပေါ့။ ထွက်ပြေးနေရတာ ရှိတယ်။
ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်တွေ အခုလို အင်အားအလုံးအရင်းနဲ့ စုစည်းလှုပ်ရှားလာတာကလည်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီကို ပြန်လည်ထိန်းကျောင်းဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်လာတယ်လို့ ကျွန်တော်တို့ ယူဆတယ်။
နောက်တစ်ချက်က ရုရှားနဲ့စီးပွားရေးသဘောတူညီချက် ထိုးပြီးတဲ့အပေါ်မှာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့အတွက် စစ်ကောင်စီက အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အခုလိုတပ်တွေ အင်အားတွေ လေတပ်တွေ အလုံးစုံနဲ့ ပြင်ဆင်မှုတွေ လုပ်လာတယ်။ စစ်ကြောင်းတွေ ထိုးလာတယ်။ တိုက်ခိုက်မှုတွေ လုပ်လာတယ်လို့ မြင်တယ်။
မေး – တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကရော ရေး-ထားဝယ်လမ်းပိုင်းနဲ့ ဆက်စပ်တဲ့ကျေးရွာတွေ ဒေသတွေကို နယ်မြေစိုးမိုး ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေလား၊ ဘယ်လိုမျိုးလဲ။
ဖြေ – MSRF နဲ့ အခြားသော တပ်တွေကတော့ ဒီ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးနဲ့ ဆက်စပ်နေတဲ့ဒေသတွေ ကျေးရွာတွေကိုထိန်းချုပ်ရေး နယ်မြေစိုးမိုးရေးကိုတော့ လောလောဆယ်မှာတော့ လုပ်ဆောင်ဖို့ မရှိပါဘူး။
အကြောင်းကတော့ ကျွန်တော်တို့ တိုက်ပွဲဖြစ်တိုင်း ကျွန်တော်တို့ လှုပ်ရှားမှုတွေကို ရန်သူက သိရှိတိုင်းမှာ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေရဲ့ ကျေးရွာတွေ အိုးအိမ်တွေကို လေယာဉ်နဲ့ဗုံးကြဲတာတွေ ရှိတယ်။ ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်သွားတာတွေရှိတယ်။ ရန်သူတွေရဲ့လှုပ်ရှားမှု မရှိဘဲ ကျွန်တော်တို့ သီးသန့်နယ်မြေစိုးမိုးရေး လုပ်မှာ မဟုတ်ဘူး။
ရန်သူတွေကိုတော့ အဆင်ပြေရင် ပြေသလို အခွင့်သာရင်သာသလို တိုက်ပွဲဝင်မှုကတော့ လုပ်ဆောင်သွားမှာပဲ။ ဒါပေမယ့် နယ်မြေစိုးမိုးရေးနဲ့ ထိန်းချုပ်ရေးကိုတော့ လောလောဆယ်မှာတော့ လုပ်ဖို့မရှိသေးဘူးဆိုတာ ပြောချင်တယ်။
ပြည်သူတွေရဲ လုံခြုံရေးနဲ့ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို ဟန့်တားနိုင်ဖို့အတွက် ရံဖန်ရံခါ ကျွန်တော်တို့ စစ်ဆေးရေးတွေ ထိန်းချုပ်ရေး တနည်းတဖုံပေါ့။ လုပ်ဆောင်မှုတွေကတော့ အဆင်ပြေရင် ပြေသလို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။
မေး – MSRF အနေနဲ့ ရေဖြူမြို့နယ်မှာ အရင်ကတည်းက မဟာမိတ်တပ်တွေနဲ့ စစ်ရေးလှုပ်ရှားခဲ့တာရှိတော့ အခုလို မွန်၊ ကရင်၊ ထားဝယ်နဲ့ အခြားတပ်ဖွဲ့တွေ စစ်ရေးအရ အရှိန်မြှင့်ဖို့ ပူးပေါင်းလိုက်တဲ့အခါမှာ ခုခံစစ်ထက် ထိုးစစ်တွေ ဆင်နွှဲဖို့ ပြင်ဆင်တာမျိုး ရှိနိုင်မလား။ဘယ်လောက်အတိုင်းအတာထိလဲ။
ဖြေ – MSRF အနေနဲ့က နွေဦးတော်လှန်ရေး စတင်ပေါ်ပေါက်လာကတည်းက မဟာမိတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ တိုက်ပွဲဝင်ခဲ့တာဆိုရင် အခုဆိုတိုက်ပွဲပေါင်း ၃၀ ကျော် ဆင်နွှဲနိုင်ခဲ့သလို ရန်သူရဲ့စခန်းငယ်လေးတွေကိုလည်း ကျွန်တော်တို့ သိမ်းနိုင်ခဲ့တာ ရှိတယ်။
ဒါကြောင့် အခုလို မဟာမိတ်ထပ်ဖွဲ့ပြီးတော့ ရှေ့မှာ ဒီလိုအခြေအနေ ပေးရင်ပေးသလို ရန်သူကို ဆက်လက်တိုက်ပွဲဝင်သွားဖို့ပဲ ရှိတယ်။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးရဲ့ ဦးတည်ချက်က စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်တည်ထောင်ပြီး မဖြစ်မနေ ဒီ စစ်ကောင်စီကိုတော့ ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့သော်လည်းကောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF သီးသန့်အနေနဲ့သော်လည်းကောင်း ဆက်လက်ပြီးတော့ တိုက်ပွဲဖော်ဆောင်သွားဖို့ပဲ ရှိတယ်။
ထိုးစစ်ကြီးကြီးမားမားတွေ မြို့သိမ်းတိုက်ပွဲတွေ မဖော်ဆောင်နိုင်ဘူးလားဆို ဒါကတော့ အခြေအနေပေါ်မှာ မူတည်ပြီး လုပ်သင့်ရင် လုပ်သွားရမှာပဲ။ အဓိကကတော့ စစ်ကောင်စီအမြန်ဆုံး ပြုတ်ကျရေးအတွက် ရတဲ့နည်းနဲ့ ဖြစ်တဲ့နည်းနဲ့ တိုက်ပွဲဝင်သွားမယ်လို့ ကျွန်တော်အနေနဲ့ ပြောလိုပါတယ်။
သံလွင်တိုင်းမ်