“လက်ရှိမှာဆိုရင် အပ်တိုတစ်ချောင်းတောင် ကိုယ်တွယ်ခွင့်မရှိတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေဟာ လက်ရှိမှာ သဘာဝဘေးအန္တရာယ်ကိုလည်း စိုးရိမ်နေရသလို စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုတွေနဲ့ ထောင်ပြောင်းပို့မယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကို ခြိမ်းခြောက်နေတာလည်း ကျွန်မတို့အနေနဲ့ ကြားသိရတယ်” – မဇူးဇူးမေယွန်း (WOPP)

စစ်ကောင်စီက ဧပြီလ ၁၇ ရက်မှာ နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦး ပြန်လွတ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကျဉ်းထောင် ၃၃ ခုကနေ နိုင်ငံရေးအကျဉ်းသား ၂၂၁ ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅၇ ဦး လွတ်မြောက်တာခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိုမင်းဟောင်းနွမ်းနေတဲ့ အကျဉ်းထောင် အဆောက်အအုံတချို့ပြိုကျခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ ၁၀ ဦး ပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား/သူ စုစုပေါင်း ၃၀ ထက် မနည်းသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ပေးတဲ့အခြေအနေ၊ ငလျင်ကြောင့် ထိခိုက်မှုတွေနဲ့ ထောင်တွင်းဖိနှိပ်မှုတွေအကြောင်း အမျိုးသမီးအကျဉ်းသူများအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ‌မဇူးဇူးမေယွန်းနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – အခုနောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေက အကျဉ်းသား အကျဉ်းသူတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ ပြောပြပေးပါ။

ဖြေ – ထောင်ထဲမှာ ရေပြတ်တာ ဆေးဝါး ပါဆယ်ပို့တာတင်းကြပ်မှုတွေ ကျန်းမာရေးအရဆို အရေပြားရောဂါတွေ ဆေးဝါးလုံလောက်မှု မရှိတာမျိုးတွေ ကြုံတွေ့နေရတယ်။

မေး – စစ်ကောင်စီက လွတ်လပ်ရေးနေ့၊ နှစ်ဆန်း ၁ ရက်နေ့လိုမျိုး ရက်ကြီးခါကြီးတွေမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အခါတိုင်းမှာ နိုင်ငံရေးအကျဉ်းသား ပါဝင်တဲ့ အခြေအနေ ဘယ်လိုရှိလဲ။ ရာခိုင်နှုန်းနဲ့ကြည့်ရင် ဘယ်လောက်ထိ ရှိလဲ။ လွတ်ငြိမ်းချမ်းသာခွင့်တိုင်းမှာ နိုင်ငံရေးအကျဉ်းသား ပါဝင်မှု နည်းပါးတာဟာ ဘာကြောင့်လို့ ထင်လဲ။

ဖြေ – စစ်ကောင်စီက လွတ်လပ်ရေးနေ့လိုမျိုးမှာ အခါကြီးရက်ကြီးမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမျိုးတွေ နိုင်ငံရေးအကျဉ်းသူအကျဉ်သားတွေရဲ့ ပါဝင်မှုက အင်မတန်မှ နည်းပါတယ်။

အဓိကက ပါဝင်ပြီဆိုရင် လွတ်ခါနီးရက်ပိုင်းအလို လအလို နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကို ရွေးလွှတ်တာမျိုးတွေ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေက ထောင်တသက် သေဒဏ်အပြင်ကို နှစ်ကြီး ၅၀ ည၊ ၅၀၅ အပါအဝင် တရားစွဲဆိုခံထားရတဲ့ ရှိတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းထဲမှာ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေ အင်မတန် ရာခိုင်နှုန်းနည်းပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်လိုက်တဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားလွတ်တဲ့ ရာခိုင်နှုန်းက ၄ ရာခိုင်နှုန်း ဝန်းကျင်ခန့်ပဲ ရှိတာ ကျွန်မတို့ အနေနဲ့ ခန့်မှန်းရပါတယ်။

မေး – ပြီးခဲ့တဲ့လက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် အကျဉ်းထောင် တချို့ ပြိုကျပျက်ဆီးတာတွေရှိခဲ့တာကြောင့် အကျဉ်းသား အကျဉ်းသူတွေ ထိခိုက်သေဆုံးတဲ့ အခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ – ငလျင်ကြောင့် အကျဉ်းထောင်ထဲမှာ ပြိုကျပျက်စီးမှုတွေထဲမှာ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကတော့ အိုးဘိုအကျဉ်းထောင်ကတော့ အထိအခိုက် များတယ်။

တခြားထောင်တွေမှာဆိုရင် သတင်းအမှောင်ချခံထားတာတွေ ရှိတယ်။ အိုးဘိုထောင်မှာဆိုရင် ပျက်စီးနေတဲ့ ပြိုကျနေတဲ့ အဆောက်အဦတွေထဲမှာ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေထဲမှာ ထားရှိတာမျိုးတွေက အစ စစ်ကောင်စီနဲ့ အကျဉ်းဦးစီးက လုပ်ဆောင်နေတာတွေကို ကြားသိရတယ်။

လက်ရှိမှာ သတင်းအမှောင်ချမှုတွေနဲ့လည်း အကျဉ်းထောင်တွေထဲမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြစ်နေပါတယ်။

မေး – အရင်ကတည်းက အကျဉ်းထောင်အတွင်းမှာ ဆေးဝါး စောင့်ရှောက်မှု လုံလုံလောက်လောက် မရှိဘဲ အခု ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တဲ့ အကျဉ်းသားတွေရဲ့ ဆေးဝါးပြဿနာနဲ့ ပတ်သက်ပြီး ဘာအခက်အခဲ ရှိနေလဲ။

ဖြေ – ဆေးဝါးစောင့်ရှောက်မှု လုံလောက်မှု မရှိတဲ့အပြင်ကို အခု ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်တဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေရဲ့ ဆေးဝါးပြဿနာကလည်း ဘယ်လောက်ထိ ဆိုးဝါးနေလဲဆိုရင် မိသားစု ထောင်ဝင်စာပေးဖို့ကို ကန့်သတ်လိုက်တာမျိုးတွေ ဖြစ်နေတဲ့ ရောဂါဝေဒနာမျိုးတွေအတွက် အပြင်ကို ဆေးဝါးကုသခွင့် မပေးတာမျိုးတွေလည်း ရှိနေတယ်လို့ ကြားသိရတယ်။

ပြိုကျနေတဲ့ အဆောက်အဦတွေထဲမှာ ပြန်လည်ထားရှိမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေရဲ့ အသက်အန္တရာယ်က ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး ခံနေရမလဲ သူတို့အနေနဲ့ လက်ရှိမှာဆိုရင် အပ်တိုတစ်ချောင်းတောင် ကိုယ်တွယ်ခွင့်မရှိတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေဟာ လက်ရှိမှာ သဘာဝဘေးအန္တရာယ်ကိုလည်း စိုးရိမ်နေရသလို စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုတွေနဲ့ ထောင်ပြောင်းပို့မယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကို ခြိမ်းခြောက်နေတာလည်း ကျွန်မတို့အနေနဲ့ ကြားသိရတယ်။

မေး – အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေကို ဘယ်လို ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရလဲ။

ဖြေ – နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ ဆေးဝါးကုသခွင့်မပေးတာ ဒီလိုမျိုး ခြိမ်းခြောက်မှုတွေနဲ့ ထောင်ထဲက သတင်းကို အပြင်ကို ထုတ်ရင် လူသူဝေးလံတဲ့နေရာတွေကို ထောင်ပြောင်းပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပြုမူတာတွေ ဒါတွေ အကျဉ်းဦးစီးနဲ့ စစ်ကောင်စီဟာ လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ရုံတင်မကဘူး။
အခုလိုမျိုး သဘာဝဘေးအန္တရာယ်ကြောင့် စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်တာသည် စိတ်ပိုင်းဆိုင်ရာကို ညှင်းပန်းနှိပ်စက်တာနဲ့အတူတူပါပဲလို့ မြင်မိပါတယ်။

မေး – နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေအပေါ် ဖိနှိပ်ခံရတဲ့ အခြေအနေ ဘယ်လောက်အထိ ဆိုးရွားနေလဲ။

ဖြေ – နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကို ထားရှိတဲ့ထောင်တွေက မြန်မာနိုင်ငံထဲမှာ တဝန်းမှာဆို ၄၁ ထောင်ရှိတယ်။ အဲဒီအထဲမှာဆို နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ နှစ်သောင်းကျော်ရှိတယ်။

လက်ရှိမှာ သူတို့ထောင်ထဲမှာ စားဝတ်နေရေး ကျန်းမာရေး ဒါတွေသည် ထောင်ဆိုတာနဲ့ ဆိုးသွမ်းတဲ့နေရာ လူများ အကုန်လုံးသိထားတဲ့နေရာ ဆိုတဲ့ တကယ့် ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်နေရတာပေါ့။ အခုလိုမျိုး ငလျင်ဒဏ်သင့်တဲ့ အချိန်မျိုးမှာလည်း ပြစ်ဒဏ်တိုက်ထဲမှာ အထားခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားထဲမှာဆို သေဒဏ်တွေ ပါတယ်။ ထောင်တစ်သက်တွေပါတယ်။

၅၀၅ သမားတွေ ပုဒ်မအမျိုးမျိုးနဲ့ အတပ်ခံရပြီး ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ စစ်ကောင်စီဟာ ဒီလိုမျိုးအကျဉ်းထောင်ထဲမှာ အဆောက်အဦတွေက ပြောရမယ်ဆိုရင် နှစ်ပေါင်းကြာပြီဖြစ်တဲ့ အဆောက်အဦတွေဖြစ်တဲ့အတွက် အဲဒီနေရာတွေမှာ မထားရှိဖို့ အကြံပြုချင်ပါတယ်ရှင့်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.