ရွှေကျင်၊ ဧပြီ ၂၅

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ကွမ်းဆိပ်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန် ပစ်ကူပေးခဲ့တဲ့အတွက် ကျေးရွာအများအပြားက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကွမ်းဆိပ်ရွာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကွမ်းဆိပ်ရွာအပါအဝင် အနီးတစ်ဝိုက် ကျေးရွာတွေက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လက်ရှိမှာ စစ်ကောင်စီတပ်က အင်အားအများအပြား ထပ်မံဖြည့်ဆည်းလာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး ဧပြီ ၂၅ ရက်နေ့အထိ KNU နဲ့ နယ်မြေခံ PDF တို့က သတင်းထုတ်ပြန်မှုမရှိသေးသလို နှစ်ဖက်စစ်ရေးအခြေအနေလည်း ဆက်လက်တင်းမာနေဆဲပဲဖြစ်တယ်လို့ သိရပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲမှာ စစ်ကြောင်းထိုးလာနေသလို ဒရုန်း လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တာတွေ မကြာခဏလုပ်ဆောင်နေတာပါ။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်း လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ကြပြီး နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ကာ အများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU/ PDF
ပုံစာ – ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်းရှိ စစ်ကောင်စီရဲ့ ထီးထဗျူဟာစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်စဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.