ရေဖြူ ၊ ဧပြီ ၂၅
တနင်္သာရီတိုင်း ရေဖြူမြို့နယ် မင်းသားကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ခြောက်ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဧပြီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ မနက် ၇ နာရီခွဲအချိန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ အချိန် တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း စစ်ကြောင်း (၃) (KBDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း – ၁ ၊ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)၊ ထားဝယ်တပ်တော် DNLA ၊ KNU တပ်မဟာ (၆) KNLA တပ်ရင်း (၂၇) တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ရေဖြူတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF