ဘုတ်ပြင်း၊ ဧပြီ ၂၅
တနင်္သာရီတိုင်း ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ တပ်သားသုံးဦး အလင်းဝင်ရောက်လာတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁ တပ်ရင်းက ဧပြီ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်မှုထမ်းသင်တန်းအပတ်စဉ် ၉ ဆင်း စစ်ကောင်စီတပ်သားတွေဖြစ်တဲ့ စကခ ၁၃ မှ တပ်သား ရဲဝင်းအောင်၊ သူရစိုးနဲ့ ခလရ ၄၃၂ တပ်က တပ်သား စည်သူကျော်တို့ သုံးဦးဟာ ဧပြီ ၂၀ ရက်နေ့မှာ အလင်းဝင်ခဲ့တာပါ။
“သူတို့ဟာ သူတို့ထွက်ပြေးလာပြီးမှ ကျွန်တော်တို့ဆီ ဆက်သွယ်ပြီး အလင်းဝင်လာကြတာပါ။ သုံးယောက်စလုံးက သူတို့နေထိုင်တဲ့ဒေသတွေမှာ ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲရောက်လာသူတွေဖြစ်တယ်”လို့ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား သုံးဦးကို လုံခြုံတဲ့ နေရာတွေမှာ စောင့်ရှောက်ပေးထားပြီး နေထိုင်စားသောက်ရေးကအစ စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ တပ်သားသုံးဦးမှာ ပဲခူးတိုင်းက နှစ်ဦးနဲ့ မန္တလေးတိုင်းကတစ်ဦး ပါဝင်ပါတယ်။
အာဏာသိမ်းကာလအတွင်း ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းထံ အလင်းဝင်လာတဲ့ စစ်ကောင် စီတပ်သား ခြောက်ဦးရှိတယ်လို့ အဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကော့သောင်း PDF