ကော့ကရိတ်၊ ဧပြီ ၂၅

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ကျုံဒိုးမြို့တို့မှာ စစ်ဘေးရှောင်ပြည်သူတွေ တိမ်းရှောင်နေတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်မှတ်ထား တိုက် ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂၃ ရက်နေ့ ညပိုင်းက ကျုံဒိုးမြို့နယ် ဝင်းကကျေးရွာထဲကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲနဲ့ စစ်ကောင် စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ နေအိမ် ၃ လုံး၊ စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးနားမှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အချိန် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားက ကျေးရွာတွေရော တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ဝေးပြီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံရောက်ရှိနေတဲ့ ကျေးရွာတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ အဓိကထား ခိုလှုံနေထိုင်တဲ့ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက် အဦး ကျောင်းဆောင်တွေကို စစ်ကောင်စီတပ်က အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့အတွက် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ အထူးသတိပြုပြီး ခိုလှုံကြဖို့လည်း ပြည်သူတွေအချင်း ချင်း အသိပေးတာတွေလည်း ရှိနေတာပါ။

ကော့ကရိတ် ကျုံဒိုးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ပစ် မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တိုက်ပွဲကာလ ၁ ပတ်ကျော်အတွင်း အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးကာ ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူအများအပြား စစ်ပြေးရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ ကော့ကရိတ် ကျုံဒိုးဒေသက စစ်ဘေးရှောင်ပြည်သူတွေဟာ လတ် တလောမှာ စားနပ်ရိက္ခာ ဆေးဝါးကုသမှုစတဲ့ အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရပြီး အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေလည်း လိုအပ်လျက်ရှိနေတယ်လို့ မြေပြင်မှာစစ်ရှောင်အရေးကူ ညီပေးနေတဲ့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့ကို ဆက်သွယ်ထားတဲ့ အာရှလမ်းမပေါ် နွားခြံကုန်း ၄ တိုင်ကနေ ၉ တိုင်အထိ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်းတွေကို ဧပြီ ၁၄ ရက်နေ့ကစလို့ တော်လှန်ရေးအင်အားစုအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲကာလ ၁ ပတ်ကျော်လာတဲ့အထိ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးနဲ့ ကော့ကရိတ်မြောက်ပိုင်းက ရင်ကွဲတောင်စခန်းတွေကို တော်လှန်ရေးအင် အားစုအဖွဲ့က သိမ်းယူနိုင်ခဲ့ပြီး ကျုံဒိုးမြို့အပြင် ကော့ကရိတ်မြို့နဲ့ စကခ ၁၂ ဌာနချုပ်ကို တော်လှန် ရေးအင်အားစုက ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.