နယူးဒေလီ၊ ဧပြီ ၂၄
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ကမ္ဘာလှည့်ခရီးသွား ၂၆ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယက ပါကစ္စတန်သံတမန်တွေကို နှင်ထုတ်ကာ နှစ်နိုင်ငံနယ်စပ်ကို ပိတ်ထားသလို ရေမျှဝေသုံးစွဲရေး အထင်ကရ သဘောတူညီမှုကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပါကစ္စတန်က ငြင်းဆိုထားပြီး အိန္ဒိယရဲ့ အရေးယူမှုတွေကို တုံ့ပြန်ဖို့ ဧပြီ ၂၄ ရက်မှာအမျိုးသားလုံခြုံရေး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လေ့ရှိတဲ့ ပါဟယ်ဂန်ဒေသထဲကို တောထဲက သေနတ်သမားတွေ ရောက်ရှိလာပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဆိုးရွားတဲ့ တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက် ဖြစ်ကြောင်း တရားဝင် ကြေညာထားတာ မရှိသေးပေမယ့် မီဒီယာအချို့က ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba နဲ့ဆက်စပ်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ ပြည်ပခရီးစည်တွေကို အကျဉ်းချုံးလိုက်ပြီး နယူးဒေလီသို့ ပြန်လာကာ လုံခြုံရေးအကြီးအကဲတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တိုက်ခိုက်မှု ကျူးလွန်သူတွေကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် မိုဒီက ကြွေးကြော်ထားပါတယ်။
အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံစလုံးက သူတို့ပိုင်တယ်လို့ ပြောထားတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်မှုတွေ ရှိနေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီး ဖြစ်ပြီး တိုက်ခိုက်မှုတွေအတွင်း လူထောင်ချီ သေဆုံးခဲ့ရပေမယ့် ကမ္ဘာလှည့် ခရီးသွားတွေကို တိုက်ခိုက်တာက ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။
ပါကစ္စတန်နဲ့ဆယ်စုနှစ် ခြောက်နှစ်ကြာပြီ ဖြစ်တဲ့ ရေဝေမျှသုံးစွဲရေး သဘောတူညီမှုကို အိန္ဒိယက ဧပြီ ၂၃ ရက် ညပိုင်းက ရပ်ဆိုင်းခဲ့ပါတယ်။
နှစ်နိုင်ငံနယ်စပ်ကိုလည်း အိန္ဒိယက ပိတ်လိုက်တာကြောင့် ကုန်စည် စီးဆင်းမှု ထိခိုက်နိုင်ပါတယ်။
ပါကစ္စတန်နိုင်ငံသားတွေအတွက် ဗီဇာ ကင်းလွတ်ခွင့်ကိုလည်း နယူးဒေလီအစိုးရက ရုတ်သိမ်းလိုက်ပါတယ်။
ပါကစ္စတန်ရှိ အိန္ဒိယစစ်ဖက်ဆိုင်ရာ သံတမန်တွေကို နယူးဒေလီသို့ ပြန်ခေါ်ထားပြီး ပါကစ္စတန်စစ်ဖက်ဆိုင်ရာ သံတမန်တွေ တစ်ပတ်အတွင်း နိုင်ငံတွင်းက ထွက်သွားကြဖို့ ညွှန်ကြားထားပါတယ်။
Ref:BBC