တနင်္သာရီ၊ ဧပြီ ၂၄

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ခုနှစ်သောင်းနီးပါး စစ်ရှောင်ခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီခံစာအရ သိရပါတယ်။

မတ်လအတွင်း စစ်ကောင်စီတပ်က ကုန်သွယ်ရေးလမ်းမကြီးတွေကို ဆက်တိုက်စစ်ကြောင်းထိုးတာ၊ ရေနက်ဆိပ်ကမ်းဧရိယာကို စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်း ရေကြောင်းက တိုက်ခိုက်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှု ပိုများခဲ့တာပါ။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တို့မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်သူအနည်းဆုံး ၂၇၃၀၀ ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။

အလားတူ မြိတ်ခရိုင်အတွင်းရှိ ပုလော၊ တနင်္သာရီ၊ မြိတ်နဲ့ ကျွန်းစုမြို့နယ်တို့မှာလည်း တိုက်ပွဲဖြစ် ပွားတာအပြင် ရေကြောင်းနဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၃၉၅၀၀ ကျော်ရှိခဲ့တယ်လို့ FE5 Thanintharyi က ဆိုပါတယ်။

အဲဒီထဲက ပုလောစစ်ရှောင်စခန်းမှာ နေထိုင်သူ ၃၀၀၀ ဝန်းကျင် သာရှိပြီး ကျန်သူတွေဟာ နီးစပ်ရာ တောတောင်၊ ခြံ၊ ရွာနဲ့ မြို့ပေါ် တွေကို ထွက်ပြေးတိမ်းရှောင်နေကြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တနင်္သာရီမြို့နယ်မှာလည်း စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးတာအပြင် လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၈၅၀၀ နီးပါဒ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းအတွင်းရှိ တချို့စစ်ရှောင်‌တွေဟာ ငှက်ဖျား၊ ဝမ်းရောဂါ၊ အရေပြားရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနေပြီး ရက်ရှည်လာတာနဲ့အမျှ အမိုးအကာ၊ ဆေးဝါးမလုံလောက်မှုတွေ ကြောင့် ပိုမိုဒုက္ခရောက်နေတယ်လို့ FE5 Thanintharyi အဖွဲ့ဝင် ကိုကျော်ဆန်းမင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၈၄၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဒေါနတနင်္သာရီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.