ကျိုက်ထို၊ ဧပြီ ၂၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာနဲ့ဌက်ပျောတောကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ ကျိုက်ထိုအခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ ခရွဲကျေးရွာထဲကို လက်နက်ကြီး လေးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ခရွဲကျေးရွာနေ အသက် ၄၀ ကျော်အရွယ်တွေဖြစ်တဲ့ ကိုချက်ကြီးနဲ့ ကိုသော်ကတို့ နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ဧပြီ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်မှာလည်း စစ်ကောင်စီတပ်က လက်နက် ကြီးနှစ်လုံး ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် ဌက်ပျောတော်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံအမျိုးသားနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်က ရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် တော်လှန်ရေးအဖွဲ့တွေ ရှိနိင်မယ်ထင်တဲ့နေရာတွေကို ရမ်းသမ်းပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
ကျိုက်ထိုမြို့နယ်မှာ ဧပြီလတတိယအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေအကြား နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေပြီး စစ်ကောင်စီဘက်က နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ