နေပြည်တော် ၊ ဧပြီ ၂၃

ငလျင်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်နိုင်စေရေး စစ်ကောင်စီတပ်အနေနဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို ဧပြီ ၂၃ ရက်ကနေ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ထိခိုက်ပျက်စီးခဲ့ရတဲ့ အစိုးရ ရုံးဌာနတွေ၊ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေ ပြန်လည်တည်ဆောက်သွားမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါ့အပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေ အားပေးမြှင့်တင်တာတွေကို ဆောင်ရွက်သွားရမှာဖြစ်ပြီး အားလုံးရဲ့ စုပေါင်းအားနဲ့ ဆောင်ရွက်မယ်ဆိုရင် ပုံမှန်အခြေအနေကို အမြန်ဆုံး ရောက်ရှိနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် နိုင်ငံနဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာ ဖော်ဆောင်နိုင်ဖို့ ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေဖို့နဲ့ တည်ငြိမ်ရေးကို ရှေးရှုပြီး စစ်ကောင်စီက ယာယီအပစ်ရပ်ကာလကို တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

လေ့လာသူတွေကတော့ စစ်ကောင်စီရဲ့ အပစ်ရပ်ကာလ သက်တမ်းတိုးမှုဟာ စာရွက်ပေါ်မှာသာရှိပြီး လက်တွေ့မှာတော့ ‌တော်လှန်ရေးအဖွဲ့တွေကို ဖိအားပေးဖို့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လုပ်မယ့်အနေအထားလို့ သုံးသပ်ကြပါတယ်။

ငလျင်လှုပ်ခတ်မှုအပြီး ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီကြေညာခဲ့တဲ့ အပစ်ရပ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေအပါအဝင် လက်လွှတ်ခဲ့ရတဲ့ နယ်မြေအတွင်းက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ငလျင်လှုပ်ခတ်ပြီးကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်မှုပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့ပြီး အဲဒီထဲက ထက်ဝက်ကျော်ဟာ ဧပြီ ၂ ရက်နေ့ အပစ်ရပ်စဲကြောင်း ကြေညာပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာလို့ ဆိုထားပါတယ်။

စစ်ကောင်စီကတော့ လက်ရှိ ယာယီအပစ်ရပ်ထားတဲ့ကာလအတွင်း တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အများပြည်သူသွားလာအသုံးပြုနေတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို နှောင့်ယှက်တိုက်ခိုက်ဖျက်စီးတာလုပ်ရင်တော့ လိုအပ်တဲ့ အရေးယူမှုတွေ တုံ့ပြန်သွားမယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.