ပေကျင်း ဧပြီ ၂၃

တရုတ်နိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ MNDAA အဖွဲ့တို့ကြား အပစ်ရပ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးဖို့ အဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံဆီ စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်မှာ ပြောလိုက်ပြီး ဒါဟာ ကျယ်ပြန့်လာနေတဲ့ ပြည်တွင်းစစ်မှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေပြီဆိုတာ အချက်ပြလိုက်တာ ဖြစ်တယ်လို့ ထိုင်းဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ကတည်းက အခြေအနေတွေ မငြိမ်မသက် ဖြစ်နေခဲ့တာဖြစ်ပြီး နိုင်ငံလုံးကျွတ် ဆန္ဒပြလှုပ်ရှားမှုတွေကနေ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်တဲ့အဆင့်အထိ တိုးမြင့်လာခဲ့တာပါ။

တရုတ်နွယ်ဖွားတွေနဲ့ အဓိက ဖွဲ့စည်းထားတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ဟာ ပြီးခဲ့တဲ့နှစ်မှာ တရုတ်နယ်စပ်အနီးရှိ လားရှိုးမြို့က စစ်တပ်ဌာနချုပ်ကြီးတစ်ခုကို ထိန်းချုပ်မှု ရယူနိုင်ခဲ့တာပါ။ ဒါဟာ စစ်ကောင်စီ လက်ထဲက နယ်မြေတွေကို တော်လှန်ရေးထိုးစစ်တွေက တစ်စိတ်တစ်ပိုင်း ရယူနိုင်ခဲ့တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ စစ်ကောင်စီနဲ့ MNDAA တို့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးခဲ့ကြပြီး အပစ်ရပ်ကြဖို့ တရားဝင် သဘောတူညီချက် ရရှိခဲ့တဲ့အကြောင်း ပေကျင်းအစိုးရက ထုတ်ပြောထားတာပါ။

မကြားသေးခင် ရက်တွေအတွင်းမှာတော့ စစ်ကောင်စီ တာဝန်ရှိသူတွေဟာ စစ်တပ်ယာဉ်တွေနဲ့အတူ လားရှိုးမြို့ထဲကို ဝင်လာကြတယ်လို့ မြန်မာမီဒီယာတွေမှာ ဖော်ပြလာပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်လို့တော့ ရိုက်တာသတင်းဌာနဘက်က လွတ်လွတ်လပ်လပ် အတည်ပြုလို့မရနိုင်သေးဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ကောင်းချင်ဂန်းက “မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အပြုသဘောဆောင်တဲ့နေရာကနေ ပါဝင်ခဲ့လို့ တရုတ်ကို နှစ်ဖက်အဖွဲ့က ကျေးဇူးတင်နေကြတယ်။ ရှေ့ဆက်သွားမှာပါ။ တရုတ်က ကူမင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်လုပ်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ ” လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

MNDAA အဖွဲ့ဟာ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီးတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှာ စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးစစ်တပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ပြီး တရုတ်နယ်စပ်မှာ ရှိတဲ့ ကျယ်ပြန့်တဲ့ဒေသတွေကို ထိန်းချုပ်မှု ရယူနိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ အုပ်စိုးမှုကို နောက်ဆုတ်စေခဲ့တာပါ။

MNDAA နဲ့ စစ်ကောင်စီတို့အကြား ရရှိထားတဲ့ သဘောတူညီချက်ဟာ အဖွဲ့ဝင် ၁၀ နိုင်ငံပါတဲ့ အာဆီယံအဖွဲ့ကြီးကလည်း လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့ရတဲ့ ငလျင်ကြောင့် အထိနာနေတဲ့ မြန်မာဆီ လူသားချင်းစာနာရေးအကူအညီတွေ ပိုမိုပေးပို့နိုင်ဖို့ တောင်းဆိုထားတဲ့ စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်နဲ့မတူဘဲ သီးခြားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ၂၁ ရက်မှာတော့ မြန်မာစစ်တပ်လေယာဉ်ဟာ ထိုင်းနယ်စပ်နဲ့ အလွန်နီးကပ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အခြေစိုက်စခန်း တစ်ခုအပေါ်ကို ဗုံး ၁၀ လုံးခန့် ကြဲချခဲ့ပါတယ်။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.