ရေး၊ ဧပြီ ၂၃

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက တပ်သား နှစ်ဦး အလင်းဝင်လာတယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ထံကနေ သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးဟာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၇ သင်တန်းဆင်းတွေဖြစ်တဲ့ တပ်သား ရဲနိုင်ကျော်နဲ့ဝေရဲဖြိုးတို့ ဖြစ်ပြီး ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းမှာ အလင်းဝင်လာရောက်လာတာပါ။

“သူတို့ နှစ်ယောက် ညဘက်ကင်းကျချိန်မှာ ထွက်ပြေးလာတာပါ။ တပ်သားသစ် ပစတွေဆိုရင် စကစ တွေမယုံကြလို့ လက်နက်ပေးမကိုင်လို့ လက်နက်တော့ မပါလာဘူး။ သူတို့က မတရားဖမ်းဆီးခံရပြီး စစ်မှုထမ်းထဲ ထည့်ခံရတာဖြစ်တယ်”လို့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးကိုတော့ လတ်တလောမှာ ယုံကြည်စိတ်ချရမယ့်နေရာမှာ ထားရှိထားပြီး အခြေအနေတစ်ခုရောက်လာပါက သူတို့ဆန္ဒအတိုင်း လုပ်ဆောင်ခွင့် ပေးသွားမယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သား ကိုရဲနိုင်ကျော်ဟာ မလေးရှားကို အလုပ်သွားလုပ်ဖို့သွားစဉ် သရက်ချောင်းမြို့နယ်အတွင်း ဖမ်းဆီးခံရပြီး မြိတ်စုဆောင်းရေးတပ်ထံ ခေါ်ဆောင်ခံရပြီးနောက် သံဖြူဇရပ်မြို့နယ် ဝဲကလိသင်တန်းကျောင်းမှာ စစ်သင်တန်းတက်ခဲ့ရပါတယ်။

အလားတူ တပ်သား ဝေရဲဖြိုးကလည်း ရေလုပ်ငန်းလုပ်ကိုင်ဖို့ မုဒုံကိုရောက်လာချိန်မှာ ဖမ်းဆီးခံရပြီး မော်လမြိုင် အမှတ် ၆ စုဆောင်းရေးတပ်ထံ ခေါ်ဆောင်ခံရပြီးနောက် ဝဲကလိသင်တန်းကျောင်းမှာ စစ်သင်တန်းတက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.