ဘီးလင်း၊ ဧပြီ ၂၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာမှာ ဒီကနေ့ ဧပြီ ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရဲတပ်ဖွဲ့ သတင်းပေး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သထုံခရိုင် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ သတင်းပေးဖြစ်တဲ့ ဇုတ်သုတ်ကျေးရွာနေ ဦးမြင့်စိုးဟာ ဝိုင်တူးကေ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် သေနတ်သမား နှစ်ဦးက ဆိုင်ထဲဝင်လာပြီး ပစ်ခတ်သွားခဲ့တာပါ။

“လက်ဖက်ရည်သောက်နေတဲ့အချိန်မှာ လာပစ်သွားတာ။ သူက(ဦးမြင့်စိုး) ရဲသတင်းပေး မူးယစ်ဆေးဖမ်းတာ ချဲဖမ်းတာက အစ သူက လိုက်ပြပေးလေ့ရှိတယ်။ ဒန အင်ဖော်မာပါ “လို့ ရွာခံ တစ်ဦးက ပြောပါတယ်။

ရဲတပ်ဖွဲ့ သတင်းပေး ဦးမြင့်စိုးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းနဲ့နားရွက်အနီးမှာ ကျည်ထိဒဏ်ရာ နှစ်ချက်ရရှိပြီး သေဆုံးခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ရဲတပ်ဖွဲ့ သတင်းပေး ဦးမြင့်စိုး ပစ်သတ်ခံရတဲ့ နေရာအနီးရှိ ကျိုက်ထီးဆောင်ဘုရားမှာ စစ်ကောင်စီတပ်တွေ စခန်းထိုင်ထားတာ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် လော်ဘီတွေကတော့ ဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေတာပါ။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.