ကန်ချနဘူရီ ဧပြီ ၂၂
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ အခြေစိုက်စခန်း တစ်ခုကို မြန်မာစစ်ကောင်စီရဲ့ လေယာဉ်တစ်စီးက ဧပြီ ၂၁ ရက်မှာ ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး ထိုင်းနယ်စပ်အထိ တိုက်ပွဲတွေ နီးကပ်လာပြီလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
မူအန်းခရိုင် ဘန်ဖူနမ်ရွမ်နယ်စပ်မှာရှိတဲ့ ရွာသားတွေဟာ တနင်္သာရီတိုင်း ထီးခီးရွာပေါ်မှာ ဖြတ်သန်းခဲ့တဲ့ စစ်ကောင်စီရဲ့ Y-12 လေယာဉ်တစ်စင်းကို မြင်တွေ့ခဲ့ရပြီး မကြာမီမှာပဲ ပေါက်ကွဲမှု အကြိမ်ရေ ၁၀ ကြိမ်ခန့် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်ပြီး KNLA အဖွဲ့ အခြေစိုက်စခန်းရှိတဲ့ အဲဒီဒေသမှာ MI17 ရဟတ်ယာဉ် ၃ စင်း ဆင်းသက်ခဲ့ပြီး စစ်သား ၆၀ လောက် ချထားပေးခဲ့တာကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှု သတင်းတွေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNLA တပ်သားတွေဟာ ကန်ချနဘူရီပြည်နယ် တစ်ဖက်ခြမ်းက နယ်စပ်အနီးမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။ ထိုင်းနိုင်ငံရဲ့ အမှတ် ၉ ခြေလျင်တပ်ခွဲက နယ်စပ်အနီးမှာ လုံခြုံရေး ရယူထားတယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်လာမယ်လို့ မျှော်လင့်ရပါတယ်။ ထိုင်းဘက်ကို တိုက်ပွဲတွေ ကျွံထွက်မလာစေရေးနဲ့ နယ်စပ်အနီးမှာ ဗုံးမကြဲဖို့ မြန်မာဘက်ကို သတိပေးထားတယ်လို့ ဆိုပါတယ်။
KNLA တပ်ဖွဲ့တွေက မြန်မာစစ်သားတွေကို ဘန်ဖူနမ်ရွန်ဒေသကနေ ၁၂ ကီလိုမီတာလောက်ဝေးတဲ့ ထီးခီးမှာရှိတဲ့ အခြေစိုက်စခန်းကနေ မောင်းထုတ်နိုင်ခဲ့တယ်လို့ ဧပြီ ၂၀ ရက်မှာ ထိုင်းလုံခြုံရေး သတင်းရင်းမြစ်တစ်ဦးက ပြောဆိုထားတာပါ။
မြန်မာဘက်က ရွာသားတော်တော်များများလည်း အိမ်တွေကနေ စွန့်ခွာခဲ့ကြရပြီး နယ်စပ်တလျှောက်မှာရှိတဲ့ ခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။
Ref:BangkokPost