ဂျီနီဗာ၊ ဧပြီ ၂၂
ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ အွန်လိုင်း လူလိမ်လုပ်ငန်း နယ်ပယ် နောက်ကွယ်ရှိ အာရှ ရာဇဝတ်ဂိုဏ်းတွေဟာ တောင်အမေရိကနဲ့ အာဖရိကအပါအဝင် ကမ္ဘာတဝန်းသို့ ပျံ့နှံ့လာနေပြီလို့ ကုလသမဂ္ဂရဲ့အစီရင်ခံစာ တစ်ရပ်မှာ သတိပေးထားပါတယ်။
အရှေ့တောင်အာရှမှာ စီးနင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်ခဲ့ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

မကြာသေးခင် နှစ်တွေက အရှေ့တောင်အာရှမှာ ထွက်ပေါ်လာခဲ့တဲ့ အွန်လိုင်း လူလိမ်ဂိုဏ်းတွေဟာ လူမှောင်ခိုကူးမှုကတဆင့် ခေါ်ယူထားတဲ့ အလုပ်သမားတွေကို အတင်းအကြပ် အလုပ်စေခိုင်းပြီး အခုအခါ ကမ္ဘာ တဝန်း ခြေဆန့်လာကြပြီ ဖြစ်ကြောင်း မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာ ကုလသမဂ္ဂရုံး UNODC က ပြောပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေက နှိမ်နှင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် လူလိမ်ဂိုဏ်းတွေဟာ အဲဒီဒေသထက် ကျော်လွန် လှုပ်ရှားလာကြပြီး ထိန်းချုပ်လို့ မရ ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကင်ဆာရောဂါလို့ ပျံ့နှံ့နေတာဖြစ်ပြီး အာဏာပိုင်တွေက ဒေသတစ်ခုမှာ ကုသလိုက်ပေမယ့် အရင်းအမြစ်ကို မရှင်းလင်းနိုင်တဲ့အကြောင်း၊ လုံးဝ ပျောက်ကွယ်မသွားဘဲ တခြားနေရာတွေဆီ ပြောင်းရွှေ့သွားကြတဲ့အကြောင်း အာရှနဲ့ပစိဖိတ်ဆိုင်ရာ UNODC ကိုယ်စားလှယ် ဗန်နီဒက် ဟော့ဖ်မန်းက ပြောပါတယ်။

ကမ္ဘာတဝန်းမှာ ကြီးကြီးမားမား အတိုင်းအတာနဲ့ လုပ်ကိုင်နေတဲ့ အွန်လိုင်း လူလိမ်ဂိုဏ်းတွေ ရာနဲ့ချီ ရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။
ကမ္ဘာတဝန်းရှိ လူအများကို ဒုက္ခပေးနေတဲ့ အွန်လိုင်း လူလိမ်ဂိုဏ်းတွေကို နိုင်ငံအများ စုပေါင်းပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းဖို့ လိုအပ်နေပြီလို့ ကိုယ်စားလှယ် ဟော့ဖ်မန်းက ပြောကြားထားတာ ဖြစ်ပါတယ်။
Ref:iTNews