သည်ဟေ့ဂ်၊ ဧပြီ ၁၉

အခုလဆန်းပိုင်းက ဘူဒါပတ်စ်မြို့ကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု လာရောက်ချိန် ဖမ်းဆီးဖို့ ပျက်ကွက်ခဲ့ရတဲ့ အကြောင်းရင်း ရှင်းပြပေးဖို့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC တရားသူကြီးတွေက ဟန်ဂေရီနိုင်ငံဆီ တောင်းဆိုထားပါတယ်။

ဂါဇာစစ်ပွဲနဲ့ ဆက်စပ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုကို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်နဲ့ဖမ်းဆီးရေး ICC က ဝရမ်း ထုတ်ထားပေမယ့် ဟန်ဂေရီက သူ့ကို ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ပါတယ်။

ဒီလို လိုက်နာမှု မရှိတဲ့အတွက် ဟန်ဂေရီကို ICC က ဧပြီ ၁၇ ရက် ညနေပိုင်းကတည်းက စုံစမ်း စစ်ဆေးနေတာ ဖြစ်ပါတယ်။

အဲဒီ ခရီးစဉ်အတွင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က မိမိတို့ အနေနဲ့ ICC တရားရုံးကနေ နုတ်ထွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ICC ဟာ အမှီအခိုကင်းတဲ့ တရားရုံး မဟုတ်တော့ဘဲ နိုင်ငံရေးအရ အသုံးချခံနေရတဲ့ တရားရုံး ဖြစ်တယ်လို့ ဝန်ကြီးချုပ် အော်ဘန်က ရေဒီယိုက တဆင့် ပြောကြားခဲ့တာပါ။

မိမိတို့အနေနဲ့ နိုင်ငံတကာ သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ထိုးထားပေမယ့် ဟန်ဂေရီအပေါ် စည်းကြပ်မှုတွေ အားလုံး လုပ်ဆောင်လာမယ်ဆိုရင် အဲဒီသဘောတူညီမှုမှာ မိမိတို့ ဆက်မပါဝင်တော့ဘူးလို့ ဟန်ဂေရီဝန်ကြီးချုပ်က ဖြည့်စွက် ပြောကြားထားပါတယ်။

နေတန်ညာဟု ခရီးစဉ်ပြီးနောက် ICC တရားရုံး တရားသူကြီးတွေက ဖမ်းဆီးပေးရေးဟာ ဟန်ဂေရီရဲ့ တာဝန် ဖြစ်ကြောင်း အသိပေးစာ ရေးသား ပေးပို့ခဲ့ကြပါတယ်။

ဟန်ဂေရီအနေနဲ့ တရားရုံးက နုတ်ထွက်မယ်ဆိုရင်လည်း အချိန် တစ်နှစ်လောက် ကြာမြင့်နိုင်ပြီး ဥရောပသမဂ္ဂထဲ တစ်ခုတည်းသော တရားရုံး အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် မွန်ဂိုးလီးယားကို သွားရောက်ချိန်ကလည်း ဖမ်းဆီးမှု မရှိခဲ့ပါဘူး။

ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ ဟားမာ့စ် ခေါင်းဆောင်တွေကို ICC က ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်ပါတယ်။

အဲဒီ ဖမ်းဝရမ်းနဲ့ ပတ်သက်လို့ အမေရိကန်နဲ့အစ္စရေးတို့က တရားရုံးကို ပြစ်တင် ရှုတ်ချထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.