စကရာမန်တို ဧပြီ ၁၇
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ပြောင်းပြန်လန်သွားစေခဲ့တဲ့ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန်ကောက်ခံမှုနဲ့ ပတ်သက်လို့ စိန်ခေါ်တဲ့ တရားစွဲဆိုမှု တစ်ခုကို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆင်က ပြုလုပ်လိုက်ပါတယ်။
အခွန်အတုပ်နဲ့ ပတ်သက်လို့ ပြည်နယ်တစ်ခုက ပထမဆုံးလုပ်ဆောင်မှုဖြစ်တဲ့ အဲဒီ တရားစွဲဆိုမှုဟာ ထရန့်အနေနဲ့ အထူးအမိန့် ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ သူ့မှာ ရှိတယ်ဆိုတဲ့ အခွင့်အာဏာကို စိန်ခေါ်ထားပါတယ်။

ကမ္ဘာမှာ ပဉ္စမမြောက် အကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားပြီး နိုင်ငံတချို့ထက် စီးပွားရေး ပိုအားကောင်းတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်မှာ ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု အများဆုံး ပြည်နယ် ဖြစ်ပါတယ်။
နိုင်ငံတကာ ကုန်သွယ်မှုအတွင်း မညီမျှမှုတွေကို တိုက်ဖျက်တဲ့အနေနဲ့ အခွန်ပြဌာန်းနေတာလို့ ပြောထားတဲ့ အိမ်ဖြူတော်က အဲဒီ တရားစွဲဆိုမှုကို ပယ်ချထားပြီး အမေရိကန် လုပ်ငန်းနယ်ပယ်တွေကို ကယ်တင်ရေး အရေးပေါ် လုပ်ပိုင်ခွင့်အာဏာကို ဆက်လက် အသုံးပြုသွားမယ်လို့ ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အကြီးမားဆုံး စိုက်ပျိုးရေးထုတ်ကုန် တစ်ခု ဖြစ်တဲ့ ဗာဒံစေ့ထုတ်လုပ်ရေး လုပ်ငန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး နယူဆင်နဲ့ ရှေ့နေချုပ်ရော့ဘ် ဗွန်တာတို့က တရားစွဲဆိုထားကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ထရန့်အစိုးရကို တရားစွဲဆိုမှု ၁၅ ကြိမ် ပြုလုပ်ထားတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရက ထရန့်ရဲ့ အခွန်ကောက်ခံမှုကြောင့် သူတို့ ပြည်နယ် မမျှမတ ထိခိုက်ခံစားနေရတယ်လို့ ပြောပါတယ်။
အခွန် ပြဌာန်းမှုတွေကို လွှတ်တော်မှာသာ လုပ်ပိုင်ခွင့်အာဏာရှိပြီး သမ္မတအနေနဲ့ ထရန့်က အထူးအမိန့်ကြေညာချက်တွေ ထုတ်ပြန်နေတာနဲ့ ပတ်သက်လို့ ကယ်လီဖိုးနီးယားအစိုးရက မေးခွန်းထုတ်ထားတာ ဖြစ်ပါတယ်။
Ref:BBC