မော်လမြိုင် ၊ ဧပြီ ၁၂
မွန်ပြည်နယ်မှာ လက်ရှိနွေစပါး စတင်ထွက်ရှိချိန် စပါးဈေးနှုန်းလျော့ကျလာပြီး အရင်လိုဈေး ကောင်း မရတော့တာကြောင့် တောင်သူတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
နွေစပါးဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်က စပါးတင်း ၁၀၀ ကို ငွေကျပ် ၂၂ သိန်းဝန်းကျင်ရရှိခဲ့ရာကနေ လက်ရှိ နွေစပါးထွက်ရှိချိန်ကာလမှာတော့ ကျပ် ၁၃ သိန်းဝန်းကျင်သာ ရရှိတဲ့အတွက် ထက်ဝက်ကျော် ဈေးနှုန်းကျဆင်းလာခဲ့တာပါ။
အခုလို နွေစပါးဈေးနှုန်းကျဆင်းလို့ ဈေးကောင်းမရတော့တဲ့အတွက် စိုက်ပျိုးစရိတ်နဲ့ သွင်းအားစု စရိတ်အပါအဝင် အထွေထွေကုန်ကျစရိတ်တွေနဲ့ နှိုင်းယှဉ်ပါက အကျိုးအမြတ်မရတဲ့အပြင် အရှုံးနဲ့ ရင်ဆိုင်ရမယ့် အခြေအနေနဲ့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။
စပါးစိုက် တောင်သူတစ်ဦးကတော့ လက်ရှိစပါးဈေးနှုန်းတွေဟာ အရင်နှစ်ကထက် တစ်ဝက်နီးပါး ပြုတ်ကျလာရတာဟာ စစ်ကောင်စီက စပါးဈေးနှုန်းတွေကို ထိန်းချုပ်လိုက်တာကြောင့် ဖြစ်သလို တခြားသွင်းအားစုတွေက မြင့်တက်ပြီး အခုလို စပါးဈေးကျတာကြောင့် တောင်သူတွေ ဒုက္ခရောက်နေရတယ်လို့ ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ် စပါးဈေးနဲ့ဆိုရင် တစ်ဝက်နီးပါးလောက် ပြုတ်တာပေါ့။ အဲဒါဘာဖြစ်လို့ လျော့သွားလဲဆိုတော့ စစ်ကောင်စီက စပါးတွေထိန်းချုပ်လိုက်တယ်၊ ဘယ်ဈေးထက် ပိုမရောင်းရ၊ စပါး ၅၀၀၀ ရှိတဲ့သူ မှတ်ပုံတင်ရမယ်တို့၊ အဲဒီထဲက စထိန်းချုပ်ထဲကနေ အခုထက်ထိတစ်ခါတည်း ကုန် သည်တွေကလည်း အများကြီးမဝယ်ရဲတော့ဘူး။ အခုစပါးဈေးတွေက တအားပြုတ်ကျသွားတယ်၊ ဓာတ်မြေဩဇာဈေးတွေကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်လာတယ်။ စပါးဈေးတွေက မနှစ်ကထက်ကို ဒီနှစ်ကျ၊ မနှစ်က ဒီအချိန်က စပါးဈေးသိန်း ၂၀ ၊ ၂၂ သိန်းလောက်ရှိတယ်။ အခုက ၁၃ သိန်းဆိုတော့ လယ်သမားတွေ ဘယ်လောက်ထိ ဒုက္ခရောက်လဲဆိုတာ” လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ နွေစပါးဈေးနှုန်းပေါက်ဈေးအရ တောင်သူတွေဟာအမြတ် ဘယ်လိုမှရရှိတော့မှာ မဟုတ်ဘဲ အထွက်နှုန်းများတဲ့သူတွေအနေနဲ့ အရင်ဝင်ငွေအနေအထား ရနိုင်ပေမယ့် အထွက်နှုန်း နည်းတဲ့သူတွေအတွက်တော့ အရှုံးအနည်းနဲ့အများသာ ရှိတော့တယ်လို့ သူကဆက်ပြောပါတယ်။
စပါးစိုက်တောင်သူ နောက်တစ်ဦးကတော့ လက်ရှိနွေစပါးဈေးနှုန်းအရ ဒေသတွင်းမှာ အရောင်းအ ဝယ်တောင် မရှိဖြစ်နေရသလို နွေစပါးစိုက်ပျိုးစဉ်ကလည်း ရေရရှိမှုမရှိတာကြောင့် စပါးပျက်စီးမှုများတဲ့အတွက် ဒီဈေးနှုန်းအရ အရှုံးဘက်မှာဘဲ ရှိတော့တယ်လို့ ပြောပါတယ်။
“စပါးဈေးက အခုလက်ရှိ ကြားနေတာတော့ အရောင်းအဝယ်တောင်မရှိဘူး။ ဒီနှစ်ကျွန်တော်တို့ ရေအခက်အခဲကြောင့် တော်တော်လေး ဆုံးရှုံးမှုတွေ ရှိတယ်လေ။ ကျွန်တော်တို့ဘက်မှာက ရေက စကြဲပြီး စိုက်ပျိုးပြီးကတည်းက တစ်လလုံးလုံး ရေတစ်စက်မှမရတော့ မြေကြီးပက်ကြားအက်ပြီး ခြောက်သွားတာလေ။ အဲဒီမှာလည်း စပါးပင်တွေ သေတာတွေဆုံးရှုံးတယ်။ အဲဒီတော့ စပါးက ဘယ်လိုဖြစ်သွားလဲဆိုတော့ ထင်သလိုမဖြစ်လာဘူးပေါ့လေ။ စပါးကလည်း ဒီနှစ်ကလည်း အပျက် အစီးကလည်းရှိဆိုတော့ လယ်သမားက အရှုံးဘက်ပဲမိတာပါပဲ” လို့ ဆိုပါတယ်။
လက်ရှိ နွေစပါးစိုက်ပျိုးစဉ်ကလည်း မျိုးစပါးအပါအဝင် သွင်းအားစုစရိတ်မြင့်မားတာ၊ ရေသွင်းဖို့ စက်သုံးဆီစရိတ် ပိုမိုကုန်ကျတာအပြင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့်လည်း နွေစပါးစိုက်ပျိုးစရိတ် ပိုမိုကုန်ကျခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ကျွမ်းကျင်လုပ်သား ရှားပါးတဲ့အတွက် အရင်လို စနစ်တကျ မစိုက်ပျိုးနိုင်တာကြောင့် အထွက်နှုန်းလျော့ကျတဲ့အပြင် စပါးဖျက်ပိုးတွေကြောင့်လည်း အထွက်နှုန်းနည်းတဲ့အချိန်မှာ စပါးကပါ ဈေးကောင်းမရတဲ့အတွက် တောင်သူတွေ ထပ်ဆင့် အ ခက်တွေ့ နေရတာပါ။
တဖက်မှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကတော့ ပြည်နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ ဖြိုးတိုးတက်စေဖို့ သီးနှံအထွက်နှုန်း တိုးတက်ရေးသာမက အရည်အသွေး ကောင်းမွန်တဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ပြီး တောင်သူတွေ ဝင်ငွေတိုးစေဖို့ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဧပြီ ၈ ရက်နေ့က ပြည်နယ်ခန်းမမှာပြုလုပ်တဲ့ မိုးစပါးပျက်စီးဧကတွေအပေါ် ထောက်ပံ့ငွေပေးအပ်ပွဲမှာ ပြော ဆိုခဲ့တာပါ။
ဒါ့ကြောင့် တောင်သူတွေအနေနဲ့ အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အ တွက် အကျိုးပြုမှာဖြစ်သလို တောင်သူတွေရဲ့ လူမှုစီးပွားဘဝတွေလည်း မြင့်မားလာမှာ ဖြစ်တယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပေမယ့် လက်တွေ့ ကြုံတွေ့ နေရတဲ့ တောင်သူတွေရဲ့ အခက်အခဲကိုတော့ လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်တာ မရှိပါဘူး။
မွန်ပြည်နယ်မှာတော့ နွေစပါးစိုက်ပျိုးမှု ဧကအနေနဲ့ နှစ်စဉ် ဧက ၂ သောင်းဝန်းကျင် စိုက်ပျိုးကြပြီး ဒေသအနေနဲ့ ဘီးလင်း၊ ပေါင်နဲ့ သထုံမြို့နယ်တွေမှာ အများဆုံးစိုက်ပျိုးကြကာ ကျန်မြို့နယ်တွေမှာလည်း စိုက်ပျိုးမှုအနည်းငယ်ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ