မော်လမြိုင်၊ ဧပြီ ၅

စစ်ကောင်စီရဲ့ ယာယီအပစ်ရပ်ကြေညာချက်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုခြင်းကို လက်ခံရန်အတွက် ကြိုးစားချဉ်းကပ်နေခြင်းနဲ့ အာဏာတည်မြဲဖို့အတွက် ရှေးရှုနေခြင်းသာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ သုံးပတ်အကြာ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် စစ်ကောင်စီက ထုတ်ပြန်ကြေညာထားကာ အဲဒီကြေညာချက်ဟာ ဟန်ပြသာဖြစ်ပြီး စစ်ကောင်စီက အရပ်သားပြည်သူရှိရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အ စဉ်လုပ်ဆောင်လျက်ရှိနေတယ်လို့ KNU ဗဟိုက ဆိုပါတယ်။

အရပ်သားပြည်သူတွေ အင်အားပြင်း ငလျင်ဒဏ် ခံစားနေရတဲ့အချိန်မှာလည်း စစ်ကောင်စီတပ်က လေယာဉ်၊ ဒရုန်း လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ရပ်တန့်မှုမရှိဘဲ ပြည်သူရှိရာကို ပစ်ခတ်တိုက်ခိုက်တာတွေ အစဉ်လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေဟာ ငလျင်ဘေးသာမက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြား ထိတ်လန့်စွာနေထိုင်နေရမြဲ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်မှာ စစ်ကောင်စီက လက်ရှိ ဘန် ကောက်မှာ ကျင်းပနေတဲ့ ဘင်္ဂလားပင်လယ်အော် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှုကို လက်ခံရန်အတွက် ကြိုးစားချဉ်းကပ်နေခြင်းနဲ့ သူတို့အာဏာတည်မြဲဖို့အတွက်သာ ရှေးရှုနေခြင်းဖြစ်တယ်လို့ KNU ဗဟိုက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာကို ခုတုံးလုပ်ကာ လူသားဆန်မှုမရှိသလို နိုင်ငံရေးစိတ်ဆန္ဒမရှိဘဲ အပြောနဲ့အလုပ် လက်တွေ့မကိုက်ညီတာကို ထင်ရှားစွာသိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီက သုံးပတ်အကြာ အပစ်ရပ်စဲရေး ထုတ်ပြန်ထားပေမယ့် အပြောနဲ့ အလုပ် မကိုက်ညီဘဲ KNU ထိန်းချုပ်နယ်မြေတွေထဲကို ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေလျက်ရှိရာ ဧပြီ လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့က KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ရွှေကျင်မြို့နယ်နဲ့ မုန်းမြို့နယ်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒီလို လက်နက်ကြီးပစ်ခတ်တာကြောင့် ညောင်ခြေထောက်ကျေးရွာမှာ ပြည်သူပိုင်နေအိမ်တွေ ထိ ခိုက်ပျက်စီးခဲ့ရပြီး ငထွေစုပ်ရွာထဲမှာလည်း အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့ကာ နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဧပြီ ၂ ရက်နေ့ကလည်း KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲနဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေး ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိ ခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.