မော်စကို၊ ဧပြီ ၂

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး တရုတ်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်သွားဖို့ အဆင်သင့် ရှိနေပေမယ့် ရုရှားက သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ရေး ကြိုးပမ်းရာမှာ မော်စကိုကို ထောက်ခံ ကူညီသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရုရှားနိုင်ငံပိုင် သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက ယူကရိန်းကို ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်မှု စတင်ပြီးနောက်ပိုင်း မော်စကိုနဲ့ ဘေဂျင်းတို့ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ထားပါတယ်။

မော်စကိုမြို့ကို ရောက်ရှိနေတဲ့ ဝန်ကြီး ဝမ်ယိဟာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗရော့နဲ့ ဧပြီ ၁ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီ ခရီးစဉ်အတွင်း ဝန်ကြီး ဝမ်ယိဟာ သမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ ကရင်မလင် နန်းတော်က ပြောပါတယ်။

ပဋိပက္ခ အဆုံးသတ်ရေး သက်ဆိုင်ရာ နိုင်ငံအားလုံးနဲ့အတူ မိမိတို့ အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အသင့်ရှိတယ်လို့ ဧပြီ ၁ ရက်မှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးမှာ ဝန်ကြီး ဝမ်ယိက ပြောထားတာပါ။

ယူကရိန်း စစ်ပွဲအတွင်း တရုတ်က သူ့ကိုယ်သူ ကြားနေနိုင်ငံအဖြစ် ပုံဖော်ထားပြီး အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေလို ဘယ်ဘက်ကိုမှ သေစေနိုင်တဲ့ လက်နက်တွေ ထောက်ပံ့ပေးသွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဒါပေမဲ့ တရုတ်ဟာ ရုရှားရဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်ပြီး ဘေဂျင်းဟာ မော်စကို တိုက်ခိုက်ဖို့ အထမြောက်နိုင်အောင် လုပ်ဆောင်ပေးခဲ့တဲ့ နိုင်ငံဖြစ်တယ်လို့ နေတိုး အဖွဲ့ဝင်တွေက စွပ်စွဲထားပါတယ်။

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအပေါ် ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို တရုတ်က တစ်ခါမှ ပြစ်တင် ရှုတ်ချတာ မရှိခဲ့ပါဘူး။

ရက် ၃၀ ကြာ အပစ်ရပ်ရေး အမေရိကန်နဲ့ ယူကရိန်းရဲ့ အဆိုပြုချက်ကို ပူတင်က ပယ်ချထားပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုရာထူးက ဖယ်ရှားပေးဖို့ တောင်းဆိုထားပါတယ်။

ဒီအတောအတွင်း ပူတင်နဲ့ ဆွေးနွေးချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် တစ်ယောက် သူ့အပေါ် အရမ်း စိတ်ဆိုးဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။

ထရန့် တစ်ယောက် ပူတင်အပေါ် ဘာကြောင့် အရမ်း စိတ်ဆိုးဒေါသထွက်ရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.