ရေဖြူ၊ ဧပြီ ၁
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အနီးပတ်ဝန်းကျင် ကျေးရွာတွေကို စစ်ကောင်စီဘက်က တပ်အင်အား ၉၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်အနီးပတ် ဝန်းကျင် ကျေးရွာဖြစ်တဲ့ စခန်းကြီးကျေးရွာကို တပ်အင်အား ၅၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာသလို မောင်းမကန်ဝန်းကျင်မှာလည်း အင်အား ၁၀၀ လောက်နဲ့ တပ်ဖြန့်ထားတာပါ။
မတ်လ ၃၁ ရက်နေ့မှာလည်း ကံပေါက်ကျေးရွာဘက်ကနေ ဇာဒီကျေးရွာဘက်ကို စစ်ကောင်စီက တပ်အင်အား ၃၀၀ ကျော် ထပ်မံဝင်ရောက်လာတဲ့အတွက် နှစ်ဖက်စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဝင်ရောက်လာမှုဟာ ထားဝယ်အထူးစီးပွားရေးဇုန်အနီးပတ်ဝန်းကျင် နယ်မြေရှင်းလင်း လုပ်ဆောင်ဖို့ ဖြစ်နိုင်တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပယ၊ ခွေးမဖော၊ ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော်၊ ခရင်းချောင်းနဲ့ နဘုလယ်ဒေသတို့မှာ တိုက်ပွဲကြီးတွေဖြစ်လာမှာစိုးရိမ်တဲ့အတွက် ထောင်နဲ့ချီ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဒေသတွေကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားတယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာလည်း ထားဝယ်အထူးစီးပွားရေးဇုန်အနီး လဲရှောင်ကျေးရွာတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့တာပါ။
ရုရှားနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီမှုရပြီးနောက် စစ်ကောင်စီဟာ အဲဒီဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အင်အားသုံးပြီး ထိုးစစ်ဆင်ဖို့ကြိုးစားလာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ