ရေး ၊ ဧပြီ ၁

စစ်ကောင်စီနဲ့ အာဏာရှင်စနစ်လုံးဝအမြစ်ပြတ်တဲ့အထိ တော်လှန်တိုက်ပွဲဝင်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တို့ မတ် ၃၁ ရက်နေ့ကစပြီး ပူးပေါင်းလိုက်ပြီလို့ နှစ်ဖက်အဖွဲ့က ပူးတွဲကြေညာပါတယ်။

နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက ဗိုလ်ရန်နိုင်ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရေးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ YPDF အနေနဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီပူးပေါင်းဆောင်ရွက်မှုဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီမှာ YPDF က အဖွဲ့ဝင်အဖွဲ့အစည်းတစ်ရပ်အနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ် လုံးဝအမြစ်ပြတ်တဲ့အထိ တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ကာကွယ်ရေးဌာနအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက မြေပြင်မှာလည်း လက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးဖြစ်လို့ နိုင်ငံရေးပိုင်းမှာလည်း အတူ တကွ ဆက်လုပ်နိုင်ဖို့ အခုလိုပေါင်းစည်းတာလို့ သံလွင်းတိုင်းမ်ကို ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်နိုင်ဖို့ဆိုတဲ့ ဦးတည်ချက် ရည်မှန်းချက်တူတဲ့အပေါ် မှာ YPDF က အခုလို MSFC နဲ့ အတူ တကွ ပူးပေါင်းပါဝင် လုပ်ဆောင်လာကြတာဖြစ်တယ်။MSFC DoD ကာကွယ်ရေးဌာနအောက်မှာရှိတဲ့ MSRF မွန်ပြည်တော်လှန်ရေးတပ်နဲ့ အတူတကွ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့ကြပြီးဖြစ်တယ်။ဒါကြောင့် ရှေ့ဆက်ပြီး နိုင်ငံရေးပိုင်းမှာလည်း အတူတကွပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ အခုလို ကျွန်တော်တို့ ပေါင်းစည်းရခြင်းဖြစ်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့အပါအဝင် ငြိမ်းချမ်းရေး လူ့အခွင့်အရေးနဲ့ တန်းတူရေးကို အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးကို ရည်စူးပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်သွားဖို့ပါ။

အဲဒီအတွက်ကြောင့် ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ နှစ်ဖက်အဖွဲ့တာဝန်ရှိ ကိုယ်စားလှယ်တွေ မတ် ၂၃ ရက်နေ့မှာ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေး နွေးခဲ့ကြတာ ဖြစ်ပါတယ်။

ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF အနေနဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှာ အဖွဲ့ဝင်တစ်ဖွဲ့အနေနဲ့သာ ပါဝင်လာတာဖြစ်ပြီး တခြား နိုင်ငံရေး၊စစ်‌ရေးအဖွဲ့တွေလို MSFC ရဲ့ ဦးဆောင်မှုအောက်ကို ဝင်လာတာမဟုတ်ဘူးလို့ နိုင်နဂါးက ရှင်းပြပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ ပြည်တွင်းပြည်ပရှိ မွန်လူမျိုးတွေအခြေခံတဲ့ လက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေ နိုင်ငံရေးအဖွဲ့တွေ လူမှုအဖွဲ့အစည်းတွေစတဲ့ ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်နယ်ကိုယ်စားပြု ဖက်ဒရယ်ယူနစ်တစ်ရပ်ဖြစ်ပါတယ်။

ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ရေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ရပ်တည်ခဲ့ပါတယ်။

အဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်က မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မော်လမြိုင်ခရိုင် ဒုတာဝန်ခံ (စည်းရုံးရေး)ကနေ တာဝန်ထမ်းဆောင်လိုခြင်းမရှိတာကြောင့် မတ် ၁၈ ရက်နေ့မှာ နှုတ်ထွက်ထားတာပါ။

လက်ရှိမှာတော့ မွန်ပြည်နယ်နဲ့ မွန်လူမျိုးကိုယ်စားပြု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲမှာ YPDF နဲ့ MSFC တို့ နိုင်ငံရေး၊စစ်ရေးအရ ပူးပေါင်းခဲ့ကြပြီး မွန်လက်နက်ကိုင်တပ်လေးကတော့ စစ်‌ရေးအရ ရာမညစစ်ကြောင်းအဖြစ် ကနဦး ပူးပေါင်းလှုပ်ရှားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-YPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.