မော်လမြိုင် ၊ ဧပြီ ၁

ငလျင်ဒဏ်သင့်ပြည်သူတွေ အကူအညီရရှိရေး အထူးအရေးကြီးတဲ့အတွက် ပြည်သူကနေ ပြည်သူသို့ အကူအညီတွေ ရောက်ရှိဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက မတ် ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။

မတ် ၂၈ ရက်နေ့က စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအပါအဝင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ လူသေဆုံးမှု ၂၀၀၀ ဝန်းကျင်ရှိလာပြီး ပြည်သူသန်းပေါင်းများစွာ အတိဒုက္ခရောက်ကြရပါတယ်။

ပြည်သူတွေအနေနဲ့ ငလျင်ဘေးအပြင် စစ်‌ရေးပဋိပက္ခတွေကို ခံစားနေရဆဲဖြစ်ပြီး စစ်ကောင်စီ လေတပ်ကလည်း အချို့ဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလိုအခြေအနေမှာ ငလျင်သင့်ဒေသက ပြည်သူတွေ နေရာထိုင်ခင်း စားနပ်ရိက္ခာ သောက်သုံးရေနဲ့ ဆေးဝါးအကူအညီတွေ အကြီးအကျယ်လိုအပ်နေပြီး အဲဒီထဲမှာ သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးသူငယ်အများအပြားရှိနေတာ ဖြစ်ပါတယ်။

လက်ရှိကာလမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ အကူညီတွေ စစ်ကောင်စီလက်ထဲ မရောက်ရှိဖို့ အထူးအရေးကြီးတဲ့အတွက် ပြည်သူကနေ ပြည်သူသို့ အကူအညီတွေ ရောက်ရှိဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ငလျင်သင့်ပြည်သူတွေကို လှူဒါန်းလိုတဲ့ ပြည်ပရောက် မွန်ပြည်နယ်ဖွား ပြည်သူတွေ၊ မွန်ပြည်နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ MSFC ရဲ့ လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေးဌာနသို့ Signal နဲ့ အီးမေးလ်ကနေ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ အသိပေးထားတာပါ။

အကူအညီအားလုံးကို ငလျင်ဒဏ်ထိခိုက်သူတွေအထိ ရောက်ရှိအောင် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် Signal နံပါတ် + ၆၆၆၅၃၈၂၈၂၈၅ နဲ့ အီးမေးလ်လိပ်စာ [[email protected]] ကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.