ရေး၊ ဧပြီ ၁

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ကျောင်းရွာကျေးရွာရှိ လက်ဖက်ရည်ဆိုင်မှာ ရှိနေတဲ့ အသက် ၅၀ ကျော်အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်သွားတာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးအေးမောင်ဟာ ကျည်ဖောက်ဝင်ဒဏ်ရာရ ငါးချက်ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကတော့ ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်ဟာ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတာ၊ ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေတဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်ဟာ အာဏာသိမ်းကာလအတွင်း နှစ်ကြိမ်ထက်မနည်း ပစ်ခတ်ခံခဲ့ရပေမယ့် အခုအကြိမ်မှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာနေ စစ်ကောင်စီသတင်းပေးအဖြစ် ဆောင်ရွက်နေတဲ့ အသက် ၄၀ အရွယ် ကိုလင်း ခေါ် အညာသားကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရေးဘီလူးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.