မော်လမြိုင် ၊ ဧပြီ ၁
မြန်မာနိုင်ငံရဲ့ ဒေသခြောက်ခုမှာ ငလျင်ဘေးဒဏ်ကို အပြင်အထန် ခံစားနေရချိန် မွန်ပြည်နယ်မှာတော့ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် စစ်ကောင်စီဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်နယ်စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်ကားဖို့အတွက် မော်လမြိုင်မြို့ ကမ်းနားလမ်းမှာ ဗဟိုမဏ္ဍပ် စတင် ဆောက်လုပ်နေသလို တခြား ဌာနဆိုင်ရာ မဏ္ဍပ်တွေကိုလည်း ဆောက်လုပ်ဖို့ ပြင်ဆင်နေတာပါ။
ဒေသတွင်းမှာတော့ ပရဟိတအဖွဲ့အစည်း တချို့နဲ့ လူငယ် တချို့ဟာ လူသာချင်းစာနာမှုအနေနဲ့ ငလျင်ဘေးသင့်ဒေသတွေကို လှူဒါန်းနိုင်ဖို့အတွက် ကိုယ်ထူကိုယ်ထ အလှူခံတာတွေကို လုပ်ဆောင်နေပေမယ့် စစ်ကောင်စီကတော့ ပျော်ပွဲရွှင်ပွဲကို ဦးစားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မော်လမြိုင်ဒေသခံ တစ်ဦး ကတော့ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားဖို့အတွက် မော်လမြိုင်မြို့မှာ ဗဟိုမဏ္ဍပ်ကို ဆောက်လုပ်နေသလို တဖက်မှာ သေကြေနေပေမယ့် အခုလို ပျော်ပွဲရွှင်ပွဲလုပ်တာကြောင့် တခြား ဒေသတွေကို အားနာရတယ်လို့ ဝေဖန်ပါတယ်။
“ဗဟိုမဏ္ဍပ်တော့ ဆောက်တော့ ဆောက်နေပြီ။ သူတို့ကတော့ ဘယ်လိုပဲဖြစ်နေ ဘယ်လို အခြေအနေမှာပဲဖြစ်နေ ဖြစ်နေ ဒီပျော်ပွဲရွှင်ပွဲကတော့ သူတို့ကတော့ ဖန်တီးနေမှာပဲလေ။ ဒီလောက်ဖြစ်နေလဲ သူတို့မှာ သင်္ကြန်ကြီးကို ဆင်နွှဲဖို့အတွက် အခုကတည်းက မဏ္ဍပ်တွေ ဆောက်နေပြီးဆိုတော့ မကောင်းဘူးပေါ့။ တဖက်မှာက လူတွေက သေပြီးတော့ ကိုယ်တွေ မွန်ပြည်နယ် တစ်ခုလောက်ပဲ ဘယ်နေရာ ကြည့်ကြည့် ပျော်ပွဲရွှင်ပွဲတွေ အမြဲတမ်း ဆက်တိုက်ဖြစ်နေတော့ သူများကိုတော့ အားနာရတာပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံး အနေအထားအရ ပျက်စီး ဆုံးရှုံးမှု များပြီး သေဆုံးမှုတွေ မြင့်တက်နေချိန် မွန်ပြည်နယ်အနေနဲ့ အေးချမ်းနေတဲ့ပုံစံ လုပ်ဆောင်တာဟာ မဖြစ်သင့်သလို လူငယ်တွေကလည်း ငလျင်ဘေးကြောင့် သင်္ကြန်ပွဲတော်တို့ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
မော်လမြိုင်ဒေသခံနောက် တစ်ဦးကလည်း စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်အပြင် တခြားပျော်ပွဲရွှင်ပွဲတွေကို ဆက်တိုက်လုပ်ဆောင် နေသလို ပြည်သူတွေ မပျော်နိုင်တဲ့အချိန်မှာ အခုလို သင်္ကြန်ပွဲတော် စည်ကားဖို့အတွက် လုပ်ဆောင်တာဟာ ကိုယ်ချင်းစာစိတ် မရှိတာလို့ ဝေဖန်ပါတယ်။
“သင်္ကြန်မှ မဟုတ်ပါဘူး။ ပွဲတွေလည်း မပျက်ပါဘူး။ ကျွန်တော်တို့ ဆီမှာတော့ ပြောမနေပါနဲ့တော့။ မွန်ပြည်နယ်မှာကတော့ ပွဲတွေကလည်း အများကြီးပဲ။ အမှန်တိုင်းပြောရင် မပျော်နိုင်ကြတဲ့အချိန်မှာ သူတို့ကတော့ အဲဒီလို လုပ်နေကြတာပဲလေ။ အမှန်အတိုင်း ပြောရင် ဒီသင်္ကြန်မှာ မဏ္ဍပ်ထိုးပြီးတော့ ပိုက်ဆံကုန်ဖို့ လုပ်ရတဲ့ အကျိုးက ဘာအကျိုးမှ မရှိဘူး။ ကိုယ်ချင်းစာစိတ် မရှိရာလည်း ကျတယ်။ ဉာဏ်အမျှော်အမြင် မရှိရာလည်း ကျတယ်လို့ပဲ ပြောရမယ်” လို့ ဆိုပါတယ်။
အခုလို ပြည်သူတွေ ဘေးအမျိုးမျိုးနဲ့ ကြုံတွေ့ ခံစားနေရချိန်မှာ မွန်ပြည်နယ်စစ်ကောင်စီအနေနဲ့ ပျော်ပွဲ ရွှင်ပွဲတွေကို ဦးစားပေး လုပ်ဆောင်တာဟာ တစ်ကိုယ်ကောင်း ဆန်တာ ဖြစ်ပြီး လူသားချင်းစာနာ ထောက်ထားမှု မရှိတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာတော့ အာဏာသိမ်း စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း လာမယ့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ သင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
ဒါ့အပြင် သင်္ကြန်ပွဲတော် စည်ကားစေဖို့အတွက် မော်လမြိုင်မြို့မှာ လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပခိုင်းထားသလို သင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက်လည်း လုပ်ငန်းကော်မတီ ၁၅ ရပ် ဖွဲ့စည်း တာဝန် ပေးထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ပြင်းအား ကြီးမားတဲ့ ငလျင် လှုပ်ခတ်ပြီးနောက် လူဦးရေ ထောင်နဲ့ချီ သေဆုံးခဲ့သလို ထိခိုက် ပျက်စီးဆုံးရှုံးမှုလည်း များခဲ့ကာ ဒီကနေ့အချိန်ထိ ကူညီ ကယ်ဆယ်မှုတွေ ဆက်လက် လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ
ပုံစာ-ပုံဟောင်းဖြစ်ပါသည်။