ဘန်ကောက်၊ မတ် ၂၆

မတ် ၂၅ ရက် မနက်ပိုင်းမှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာ ဝါထရာအပေါ် အတိုက်အခံတွေ တင်သွင်းတဲ့ အယုံအကြည် မရှိ အဆိုကို ထိုင်းလွှတ်တော်က ပယ်ချလိုက်ပါတယ်။

မနက် ၁၀ နာရီမှာ စတင်တဲ့ အစည်းအဝေးကို ထိုင်း လွှတ်တော်အမတ် ၄၇၈ ဦး တက်ရောက်ခဲ့ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ် မူဟာမက် နော် မာသာက မဲခွဲဆုံးဖြတ်မှု ရလဒ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်အပေါ် အယုံအကြည် မရှိ အဆိုကို လွှတ်တော်အမတ် ၁၆၂ ဦးက ထောက်ခံခဲ့ပြီး ၃၁၉ ဦးက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ကြားနေမဲ ၇ မဲ ရှိခဲ့ပြီးနောက် အောက်လွှတ်တော်ဥက္ကဌ ဝမ်က အတိုက်အခံတွေရဲ့ အဆိုကို ပယ်ချကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်အပေါ် အယုံအကြည် မရှိ အဆိုကို မတ် ၂၄ ရက်နဲ့ ၂၅ ရက်မှာ ဆွေးနွေးပြီးနောက် မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ပေသွန်ထန်ဟာ ဝန်ကြီးချုပ် ရာထူးအတွက် လိုအပ်တဲ့ ဗဟုသုတ၊ ရင့်ကျက်မှုနဲ့ နိုင်ငံရေး ဆန္ဒ ကင်းမဲ့နေတယ်လို့ အတိုက်အခံတွေက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပေသွန်ထန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ လျှပ်စစ်မီတာခ မြင့်တက်နေမှု၊ မွေးမြူရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန်ဈေးနှုန်း လျော့ကျနေမှု အပါအဝင် အဓိကပြဿနာတွေကို မဖြေရှင်းပေးဘဲ ငွေပေးဝေရေး အစီအစဉ်က စီးပွားရေး နှိုးဆွဖို့ ထိရောက်နိုင်မှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပေမယ့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ အတိုက်အခံ လွှတ်တော်အမတ်တွေက ပြောဆိုထားတာပါ။

ဝန်ကြီးချုပ်ဟာ သတင်းထောက်တွေ အင်တာဗျူးသူတွေနဲ့ တွေ့ဆုံချိန်မှာ မသက်ဆိုင်တဲ့ အဖြေတွေနဲ့ မှားယွင်းတဲ့ အဖြေတွေ ပေးခဲ့တယ်လို့လည်း အတိုက်အခံ လွှတ်တော်အမတ်တွေက စွပ်စွဲထားပါတယ်။

ပေသွန်ထန် ဦးဆောင်တဲ့ ထိုင်းညွှန့်ပေါင်းအစိုးရအဖွဲ့အပေါ် သူ့ရဲ့ ဖခင် သက်ဆင်က လွှမ်းမိုးထားတယ်လို့လည်း အတိုက်အခံတွေက စွပ်စွဲ ပြောကြားခဲ့တာပါ။

ထောင်ဒဏ် ချမှတ်ခံထားရချိန်မှာ သက်ဆင်ဟာ အပြင်းအထန် နာမကျန်း ဖြစ်နေတယ်လို့ အကြောင်းပြပြီး ထောင်ထဲမှာ မနေခဲ့ဘဲ ရဲတပ်ဖွဲ့ ဆေးရုံမှာပဲ နေခဲ့တဲ့ ကိစ္စကိုလည်း မေးခွန်း ထုတ်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် မိသားစုရဲ့ မြေယာပိုင်ဆိုင်မှုတွေကိုလည်း အတိုက်အခံတွေက မေးခွန်းထုတ်ခဲ့ပြီး ကာစီနိုလုပ်ငန်းတွေ ဖွင့်ခွင့်ပေးတာနဲ့ ပတ်သက်လို့လည်း အပြစ်တင်ခဲ့ကြပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.