လှိုင်းဘွဲ၊ မတ် ၂၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ နှစ်ပေါင်း ၄၀ နီးပါးကြာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလယ်ဒေးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ မတ်လ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ခလယ်ဒေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၂ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့မှာ စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ လက်နက်ခဲယမ်းတွေကို မီးရှို့ဖျက်ဆီးကာ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ KNU က ဆိုပါတယ်။

စခန်းသိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်သား နှစ်ဦးရဲ့ အလောင်းတွေ့ရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

ခလယ်ဒေးစခန်းဟာ ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့မှာ ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေး ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တဲ့ စခန်းတစ်ခုဖြစ်ပြီး စခန်း စတင်တည်ဆောက်တဲ့အချိန်ကစပြီး ဒေသခံပြည်သူလူထုတွေအနေနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာ နေထိုင်လုပ်ကိုင်စားသောက်ခွင့် အကန့်သတ်ခံခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စခန်းမကျရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU