ဝါရှင်တန်၊ မတ် ၂၂
ထရန့်အစိုးရက တူရကီနဲ့တောင်ကိုရီးယားတို့ဆီကနေ ကြက်ဥတင်သွင်းဖို့ စီစဉ်နေပြီး အမေရိကန်ပြည်သူတွေအတွက် အမြဲတမ်း မြင့်တက်နေတဲ့ ဈေးနှုန်းလျော့ပါးစေရေး မျှော်လင့်ချက်နဲ့ တခြားနိုင်ငံတွေနဲ့ပါ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ရေတိုအတွက် ကြက်ဥ သန်းပေါင်းများစွာ တင်သွင်းဖို့ မိမိတို့ ပြောဆို ဆွေးနွေးနေတယ်လို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီး ဘရုတ်ခ် ရိုလင်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားထားပါတယ်။

အမေရိကန် မွေးမြူရေးသမားတွေအနေနဲ့ ကြက်ကောင်ရေ သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ရတဲ့ ကြက်ငှက်တုပ်ကွေး ကပ်ရောဂါ တိုက်ဖျက်ရေး ဒေါ်လာ ၁ ဘီလီယံ သုံးစွဲဖို့ အမေရိကန်အစိုးရက ကြေညာထားချိန်မှာ အခုလို အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သမ္မတ ထရန့် မဲဆွယ်ချိန်က ကုန်ဈေးနှုန်း ကျဆင်းစေရမယ်လို့ ကတိ ပြုခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က ကြက်ဥ ဈေးနှုန်း ၆၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း ၄၁ ရာခိုင်နှုန်း မြင့်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဝန်ကြီး မစ္စစ်ရိုးလင်းက သူ့ရဲ့ ဌာနအနေနဲ့ ကုန်စည်အသစ်တွေ ရရှိရေး တခြား နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ ပြောပေမယ့် ဘယ်ဒေသက ဘယ်နိုင်ငံတွေနဲ့ ဆွေးနွေးနေသလဲ ဆိုတာကိုတော့ အသေးစိတ် မပြောပါဘူး။
မိမိတို့အနေနဲ့ ပြည်တွင်းမှာ ကြက်ဥ ထုတ်လုပ်မှု ပြန်လည် အားကောင်းလာရင်၊ အားကောင်းလာဖို့ လာမယ့်လအနည်းငယ် အတွင်း မျှော်လင့်ရပြီး ပြည်ပကနေ ကြက်ဥတွေကို တင်သွင်းစရာ လိုတော့မှာ မဟုတ်ဘူးလို့ ဝန်ကြီး ရိုးလင်းက ပြောတာပါ။
ကြက်ဥ တင်ပို့ရေး ဖြစ်နိုင်ခြေနဲ့ပတ်သက်လို့ အမေရိကန် သံရုံးတွေက မိမိတို့ကို ဆက်သွယ်လာကြောင်း ပိုလန်နဲ့လစ်သူယေးနီးယား အစိုးရတို့က မတ် ၂၁ ရက်မှာ ပြောကြားခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။
ထရန့် အစိုးရအနေနဲ့ နိုင်ငံအများကို အခွန် တိုးမြှင့်ကောက်ခံနေချိန်မှာ အမေရိကန်ပြည်သူတွေ အတွက် ကြက်ဥ ဈေးနှုန်း လျော့ကျစေရေး အခုလို ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
Ref:BBC