မော်လမြိုင် ၊ မတ် ၂၀

လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးအမြင်မတူညီမှုတွေကို အခြေခံသလို တသီးတခြားရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေကြတာကြောင့်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မတ် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၅၁ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားမှာ ပေးပို့တဲ့ အာ ဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ရာမညစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက ဖြစ်ပေါ်နေတဲ့အခင်းအကျင်းဟာ စစ်ခေါင်းဆောင် ပြောသလိုမဟုတ်ဘဲ မတူညီတဲ့ နိုင်ငံရေးအမြင်နှစ်ခုအပေါ်မှာသာ အခြေခံတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပထမတစ်ခုက စစ်ကောင်စီတွေ ကိုင်ဆွဲထားတဲ့ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို အခြေခံတဲ့ ကိုယ်ကျိုးစီးပွားအမြင်နဲ့ ဒုတိယအမြင်ဖြစ်တဲ့ တိုင်းရင်းသားတွေအပါအဝင် တော်လှန်ရေးအင်အား စုတွေနဲ့ တစ်တိုင်းပြည်လုံးရှိ ပြည်သူပြည်သားတွေ ကိုင်စွဲထားတဲ့ စစ်မှန်တဲ့ဖက်ဒရယ်နဲ့ ဒီမိုကရေစီနိုင်ငံရေးအမြင်တွေကြောင့် ဖြစ်ပေါ်နေတာပါ” လို့ ဆိုပါတယ်။

ခေတ်အဆက်ဆက် အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရနှစ်ဆက် ထွက်ပေါ်လာခဲ့ပေမယ့် ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က နိုင်ငံ့အာဏာကို တစ်ကျော့ပြန် သိမ်းယူခဲ့ပါတယ်။

အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီး ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုတွေဟာ လက်နက်ကိုင်တော်လှန်ရေးကနေ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးဆီ တွန်းပို့ခဲ့တာပါ။

အဲဒီကနေ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပါဝင်လာခဲ့ကြပါတယ်။

ဒါကို စစ်ခေါင်းဆောင်က တသီးတခြား ရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေကြတာလို့အပြစ်ဖို့တာ ဖြစ်ပါတယ်။

ဒေါက်တာ သီရိမွန်ချမ်းက နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်နေရင် ဘယ်တိုင်းရင်းသားပြည်နယ်ကမှ ပြည်ထောင်စုကနေ သီးခြားရပ်တည်ချင်ကြမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“တိုင်းရင်းသားပြည်နယ်တွေက စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်အရ ပြည်နယ်တွေရော ပြည် ထောင်စုပါ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်နေရင် ဘယ်တိုင်းရင်းသား ဘယ်ပြည်နယ်ကနေ ပြည် ထောင်စုကနေခွဲထွက်ပြီး အထီးကျန် တသီးတခြားရပ်တည်ချင်မှာ မဟုတ်ဘူး။ ယနေ့ မျက်မှောက် ကမ္ဘာ့နိုင်ငံရေး ပထဝီအနေအထားအရရော ဒေသန္တရနိုင်ငံရေး ပထဝီအနေအထားအရပါ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်နေရင် ဘယ်တိုင်းရင်းသားကနေ ပြည်ထောင်စုကနေ ခွဲထွက်ချင်မှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းမှုအတွင်း မြို့ပေါင်း ၉၅ မြို့ ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် တိုင်းစစ်ဌာနချုပ် ၂ ခုနဲ့ တပ်စခန်းပေါင်းများစွာကို စစ်ကောင်စီ လက်လွှတ်ထားရတာပါ။

စစ်ခေါင်းဆောင်ကတော့ နယ်မြေအသီးသီးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် နိုင်ငံ့အခြေခံအဆောက်အအုံတွေနဲ့ ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးကာ ဒုက္ခရောက်နေကြရတယ်လို့ စွပ်စွဲပါတယ်။

ဒါကြောင့် တိုက်ပွဲတွေ ဖော်ဆောင်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အ စည်းတွေ ပတ်သက်သူတွေကိုလည်း ပြည်သူတွေဒုက္ခရောက်စေပြီး နိုင်ငံကိုအန္တရာယ်ကျရောက်စေမယ့် လုပ်ရပ်တွေကို နိုင်ငံနဲ့ ပြည်သူအကျိုးရှေးရှုလို့ ရပ်တန့်ပေးကြဖို့ ပြောကြားခဲ့တာပါ။

လေ့လာသူတွေကတော့ စစ်ခေါင်းဆောင်အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ တိုင်းပြည်ထိခိုက်နစ်နာမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြောင့်ဆိုပြီး အမြဲတစေ အပြစ်ဖို့နေတာလို့ ထောက်ပြကြပါတယ်။

Data For Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၁ မေကနေ အခုနှစ် ဇန်နဝါရီအထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်အလုံးပေါင်း တစ်သိန်းတစ်သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီက ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပကာ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံ့တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီအတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်တဲ့ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ စစ်ခေါင်း‌ဆောင်က သဝဏ်လွှာမှာ တိုက်တွန်းထားတာပါ။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မင်းသံလွင်က ပြည်သူတွေကို လိုတမျိုး မလိုတမျိုး အသုံးချနေတဲ့ စစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ရေး သူတို့ကြောင့် ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေအတွက် လူထုတွေကို တိုက်တွန်းလည်း ထူးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“စစ်တပ်က သူတို့ အာဏာတည်မြဲရေး အတုအယောင် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ သူတို့ကတော့ ပြည်သူတွေအပေါ် လိုတမျိုး မလိုတမျိုး အသုံးချနေမှာဖြစ်ပါတယ်။ အာဏာတွေ ခဏ ခဏ သိမ်းတယ်၊ ပြည်သူတွေကို နှိပ်စက်တယ် သတ်ဖြတ်နေတဲ့ စစ်တပ်။ တပ်မတော်သာအမိ တပ်မတော်သာအဖလို့ ပြောခဲ့တဲ့ စစ်တပ်က သူတို့ကြောင့် ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေကို ပြည်သူတွေကို တိုက်တွန်းလည်း ဘာမှထူးမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ နိုင်ငံရေးသမားတွေ နိုင်ငံရေးခေါင်း ဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့တဲ့ စစ်တပ်ကပြောတဲ့ ပါတီစုံဒီမိုကရေစီ‌ရွေးကောက်ပွဲဆိုတာထက် အတုအယောင် ရွေးကောက်ပွဲသာ သူတို့လုပ်ဖြစ်မှာပါ” လို့ ဆိုပါတယ်။

အထွေထွေရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီ အစောပိုင်းမှာ ကျင်း ပဖို့ စီစဉ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၅၃ ပါတီက စာရင်းပေးသွင်းထားတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောထားတာပါ။

မွန်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့ကတော့ ရွေးကောက်ပွဲကြောင့် ဝင်ပြိုင်ကြမယ့် ပါတီကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား ပွတ်တိုက်မှုတွေ ရှိလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.