ဝါရှင်တန်၊ မတ် ၁၉

အမေရိကန်က ပြန်ပို့လိုက်တဲ့ နိုင်ငံသားတွေကို ဗင်နီဇွဲလားက လက်မခံရင် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်မံ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မတ် ၁၈ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။

ပြန်လည် ပို့ဆောင်လိုက်တဲ့ လေကြောင်းခရီးစဉ်တွေ မပြတ် ဝင်ရောက်လာနေမှုကို သမ္မတ မာဒူရိုအစိုးရအနေနဲ့ နောက်ထပ် ဆင်ခြေပေးတာ ဒါမှမဟုတ် ကြန့်ကြာမှုတွေ မရှိဘဲ လက်မခံဘူးဆိုရင် ဗင်နီဇွဲလားအပေါ် အမေရိကန်က ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး ရူဘီယိုက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

ဒီလို ပြောဆိုမှုနဲ့ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ဗင်နီဇွဲလား ဆက်သွယ်ရေးဝန်ကြီးဌာနဆီ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တခြားနိုင်ငံတွေချမှတ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေဟာ ဗင်နီဇွဲလားကို ယိုင်နဲ့သွားစေဖို့ ရည်ရွယ်တဲ့၊ စီးပွားရေး စစ်ပွဲဆင်နွှဲရာရောက်တဲ့ တရားမဝင် အစီအစဉ်တွေ ဖြစ်တယ်လို့ သမ္မတ နီကိုးလပ်စ် မာဒူရိုနဲ့ သူ့ရဲ့ အစိုးရက ပြောကြားပြီး အမြဲ ပယ်ချလေ့ရှိပါတယ်။

မိမိတို့နိုင်ငံ စီးပွားရေး အခက်ကြုံနေတာနဲ့ ကုန်ပစ္စည်း ပြတ်လပ်မှုတွေဟာ အရေးယူ ပိတ်ဆို့မှုတွေကြောင့် ဖြစ်တယ်လို့ သမ္မတ မာဒူရိုနဲ့ သူ့ရဲ့ မဟာမိတ်တွေက ပြောဆိုလာခဲ့တာ ကြာပြီ ဖြစ်ပေမယ့် ဗင်နီဇွဲလား နိုင်ငံရဲ့ ဒူပေနာပေ ခံနိုင်မှုနဲ့ ပတ်သက်လို့ သူတို့က ဝမ်းသာနေကြပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေး ပြဿနာတွေ၊ ကုန်ပစ္စည်း ပြတ်လပ်မှုနဲ့ နိုင်ငံခြားငွေ ရှားပါးတဲ့ ပြဿနာတွေကြောင့် ဗင်နီဇွဲလား နိုင်ငံသားများစွာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန်မှာ ဘဝသစ် ထူထောင်ဖို့ ထွက်သွားခဲ့ကြပါတယ်။

အိမ်ဖြူတော်သို့ ဒေါ်နယ်ထရန့် ရောက်လာပြီး နောက်မှာတော့ ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာကို အမေရိကန်က သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လည် ပို့ဆောင်နေပြီး ပြန်လက်မခံရင် အရေးယူ ပိတ်ဆို့မှုတွေ လုပ်မယ်လို့ မကြာခဏ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.