မော်လမြိုင် ၊ မတ် ၁၅

စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးမယ့် အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဆင်နွှဲကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ဦးဆောင်ကွပ်ကဲမယ့် တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) ဆင်းပွဲသို့ ပေးပို့တဲ့ မတ် ၈ ရက်နေ့ ရက်စွဲပါ သဝဏ်လွှာမှာ သူကထည့်သွင်းပြောဆိုခဲ့တာပါ။

PDF ၊ ပကဖ နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင် သောင်းချီအင်အားနဲ့ အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲကြဖို့ လိုလိမ့်မယ်လို့ ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က အခုနှစ်အတွင်း အ‌ကောင်အထည်ဖော်နိုင်မယ်ဆိုရင် နွေဦးတော်လှန် ရေး အောင်မြင်မှု အရွေ့တစ်ခုဖြစ်လာနိုင်ပြီး စစ်အာဏာရှင်စနစ်အပြီးသတ်ဖို့ အရှိန်ယူရဦးမယ်လို့ သုံးသပ်ပါတယ်။

“စီမံချက်တွေ အားတက်စေမယ့် စကားတွေပြောရတာလည်း ရှိတာပေါ့။ စိတ်ဓာတ်စစ်ဆင်ရေးအရ။ ဒါပေမယ့် စီမံချက်တွေကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင်၂၀၂၅ ခုနှစ်အတွင်း နွေဦးတော်လှန်ရေး အရွေ့တစ်ခုအနေနဲ့တော့ အောင်မြင်မှုမှတ်တမ်းတွေ စိုက်ထူနိုင်မှာ ဖြစ်ပါတယ်။၂၀၂၅ အတွင်းမှာ အပြီးသတ်တိုက်ခိုက်နိုင်ဖို့ဆိုရင် ကျွန်တော်တို့တွေ အရှိန်အများကြီး ယူရဦးမှာဖြစ်ပါတယ်။ ဒါထက်ပိုပြီးတော့လည်း ရေပက်မဝင်တဲ့ စည်းလုံးမှုမျိုး တည်ဆောက်ရမှာဖြစ်ပါတယ် ခင်ဗျ” လို့ ဆိုပါတယ်။

တစ်ဘက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အခုနှစ် ဒီဇင် ဘာ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီအစောပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဘယ်လာရုစ်ခရီး စဉ်အတွင်း ထုတ်ပြောထားတာပါ။

အာဏာသိမ်းမှုကလည်း လေးနှစ်ကျော်ကာလကို ရောက်ရှိလာခဲ့ပြီမို့ အခုနှစ်ဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တို့ကြား စစ်ရေးအရဖြစ်စေ နိုင်ငံရေးအရဖြစ်စေ တစ်ဘက်ဘက်က အသာစီးရဖို့ ကြိုးပမ်းလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါကြောင့် ၂၀၂၅ အခုနှစ်အတွင်း စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးအင်အားစုတစ်ခုလုံးက ဟန် ချက်ညီညီ အမြစ်ဖြတ်ဖို့ အချင်းချင်းကြား အချိတ်အဆက်မိမိနဲ့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖို့ လိုနေပြီလို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

သဝဏ်လွှာထဲမှာတော့ တော်လှန်ရေးအစောပိုင်းကာလမှာ တစ်ဘက်က တပ်တည်ဆောက်ရင်း တစ်ဘက်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးပမ်းခဲ့ရပြီး ဒုတိယအဆင့်အနေနဲ့ မဟာဗျူဟာ ထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တတိယအဆင့်အနေနဲ့ စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးမယ့် အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုလာတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက အထွေထွေထိုးစစ်အတွက် ပြင်ဆင်ဖို့ အ များကြီးလိုသေးသလို NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ယုံကြည်မှုကို မတည် ဆောက်နိုင်သေးဘူးလို့ ပြောပါတယ်။

“အဲဒီတော့ ကျွန်တော်တို့ဘက်က ပြင်ဆင်ဖို့ အများကြီးလိုပါသေးတယ်။ လူသူအင်အားက ရှိသင့်သလောက် ရှိပေမယ့် လက်နက်အင်အား မဖြည့်ပေးနိုင်ဘူးဗျ။ နောက်တစ်ခုပိုပြီး အ‌ရေးကြီးတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကို NUG က ဒီသုံးနှစ်တာ လေးနှစ်အ တွင်းမှာ မတည်ဆောက်နိုင်ခဲ့သေးဘူး။ NUG NUCC ဆိုတဲ့ နိုင်ငံရေးဘော်ဒီတွေက တိုင်းရင်းသားအားလုံးလက်ခံနိုင်တဲ့ တော်လှန်ရေးကာလ ဖက်ဒရယ်မူကြမ်းလေးတစ်ခုတောင်မှ ပြီးပြည့်စုံအောင် မဆွဲပေးနိုင်ခဲ့ဘူး။ ဒါတွေကအင်မတန်မှ အရေးကြီးပါတယ်”လို့ ဆိုပါတယ်။

တော်လှန်ရေးကာလမှာ တိုင်းရင်းသားအားလုံးနဲ့ ပြီးပြတ်အောင် သဘောတူညီမှုတစ်ရပ် မဆွေးနွေးနိုင်ရင် ယုံကြည်မှုမတည်ဆောက်နိုင်ရင်အတူတူ ထိုးစစ်ဆင်နွှဲဖို့ အခက်အခဲတွေ အများကြီးရှိနိုင်တယ်လို့ ဆက်ပြောပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီ ထိုးစစ်မဆင်နွှဲနိုင်ဘူးဆိုရင် တော်လှန်ရေးဟာ ရှည်ကြာလာမှာဖြစ်လို့ ပြည်တွင်းစစ်မီးကလည်း ပိုမိုတောင်လောင်ကာ ပြည်သူတွေ ပိုပြီး ဆင်းရဲဒုက္ခကြုံတွေ့နေရမယ်လို့ နိုင်နဂါးက မှတ်ချက်ပြုပါတယ်။

NUG ကတော့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေရေးဆွဲရေးမှာ ရည် ရွယ်ချက်တူတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ စုပေါင်းရေးဆွဲနေတယ်လို့ မတ် ၄ ရက်နေ့မှာထုတ်လွှင့်တဲ့ ပြည်သူလူထုသို့ သတင်းစကားမှာ ထုတ်ပြောခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလကလည်း NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီလို့ အခုနှစ်ဆန်းပိုင်းမှာ ပြောဆိုထားတာပါ။

NUG ရဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ အဓိက ပါဝင်နေပြီး အခြားတိုင်းရင်းသားလက်နက်အဖွဲ့ တချို့နဲ့လည်း စစ်ရေးအရ ပူးပေါင်းမှုတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.