ဘန်ကောက်၊ မတ် ၁၅
ပြီးခဲ့တဲ့လက ဝီဂါလူမျိုး ၄၀ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မှုမှာ ပါဝင်ခဲ့တဲ့ အရင်နဲ့လက်ရှိ ထိုင်းအရာရှိတွေအပေါ် အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ တားမြစ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မတ် ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဝီဂါလူမျိုးတွေနဲ့ တခြား လူမျိုးစုတွေကို တရုတ်ဆီ အတင်းအကြပ် ပြန်လည် ပို့ဆောင်ရေး အစိုးရအဖွဲ့တွေအပေါ် တရုတ်ဘက်က ဖိအားပေးဖို့ ကြိုးပမ်းမှုတွေ တိုက်ဖျက်ရေး အမေရိကန် မူဝါဒအသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလိုမျိုး ဗီဇာ တားမြစ်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်မှာ ဖော်ပြထားထားပါတယ်။

တရုတ် လူနည်းစုဝင်တွေဟာ ညှဉ်းပန်းနှိပ်စက်၊ အစဖျောက်ခံရနိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး တရုတ်သို့ ဝီဂါလူမျိုးတွေ ပြန်ပို့တဲ့ ဘယ်အစိုးရအရာရှိကို မဆို ဗီဇာ တားမြစ်ရေး မူဝါဒအသစ်နဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ ဝန်ကြီး ရူဘီယိုက ပြောပါတယ်။
တရုတ်က ဝီဂါလူမျိုးတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ကြာပြီ ဖြစ်တာကြောင့် ကမ္ဘာတဝန်းရှိ အစိုးရအဖွဲ့တွေအနေနဲ့ ဝီဂါလူမျိုးတွေကို တရုတ်ဆီ ပြန်မပို့ကြဖို့ မိမိတို့ တိုက်တွန်းကြောင်းလည်း သူက ပြောပါတယ်။
ဗီဇာ တားမြစ်မှုနဲ့ ရင်ဆိုင်ရမယ့် ထိုင်းအရာရှိတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ အမေရိကန်က ဖော်ပြမထားပါဘူး။

ပစ်မှတ်ထား အရေးယူခံရသူတွေရဲ့ မိသားစုဝင်တွေလည်း အခုဗီဇာ တားမြစ်မှုမှာ ပါဝင်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က ဝီဂါလူမျိုးတွေကို ပြန်လည် ပို့ဆောင်ခဲ့တာဟာ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ရှောင်ရှားဖို့ အကောင်းဆုံး ဖြေရှင်းမှု ဖြစ်တယ်လို့ ထိုင်းအရာရှိတွေက အခုလ စောစောပိုင်းက ကာကွယ် ပြောဆိုခဲ့ကြပါတယ်။
ထိုင်းမှာ စစ်တပ် အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ချိန် အတိတ်ကလည်း အမေရိကန်ဟာ စစ်ရေးအကူအညီ ရပ်ဆိုင်းလိုက်တာမျိုးလို ထိုင်းကို အရေးယူမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
ဝီဂါ လူမျိုးတွေကို တရုတ်ဆီ ပြန်လည် ပို့ဆောင်ခဲ့တဲ့ ထိုင်းရဲ့ လုပ်ရပ်ကို ဥရောပလွှတ်တော်ကလည်း ပြစ်တင် ရှုတ်ချထားပါတယ်။
Ref:Bangkokpost