မော်လမြိုင် ၊ မတ် ၁၅

မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ဆန်၊ ဆီ၊ ဆားနဲ့ပဲအပါအဝင် အဓိက အားထားစားရတဲ့ ရိက္ခာဈေးနှုန်း ၃၀ ရာခိုင်နှုန်း နီးပါး ထပ်မံမြင့်တက်လာနိုင်တယ်လို့ ကုလသမဂ္ဂ ပညာရှင်အဖွဲ့က မတ်လ ၁၃ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

အဓိကအားထားရတဲ့ စားနပ်ရိက္ခာဈေးနှုန်းတွေ တက်လာနိုင်တာဟာ စစ်ကောင်စီရဲ့ တားမြစ်ပိတ် ဆို့မှုတွေအပြင် ပြင်းထန်လာတဲ့ ရာသီဥတုအခြေအနေတွေကြောင့် အကျပ်အတည်းကို ပိုမိုဆိုးသွားစေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးရဲ့ မြို့နယ် ၉၆ ရာခိုင်နှုန်းမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြောင့်လည်း စီးပွားရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေကို ထိခိုက်စေရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရောက်ပေးပို့ နိုင်ဖို့ ကန့်သတ်ထားတဲ့ အပြင် လူသားချင်းစာနာရေးဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ပစ်မှတ်ထားတာကြောင့် စား နပ်ရိက္ခာ အကျပ်အတည်းကို ပိုဆိုးလာတာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထောက်ပြပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ကုန်ဈေးနှုန်း မြင့်တက်လာနိုင်တာဟာ အခြေခံလုပ်သား ရှား ပါးလာတာ၊ လျှပ်စစ်မီးမမှန်တာအပြင် စိုက်ပျိုးမြေဧရိယာတွေမှာ တောင်သူတွေမရှိတော့တာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဧရိယာတော်တော်များများက စိုက်ပျိုးမြေတွေ လုပ်သားရှားပါးမှုတွေ အခြေခံလုပ်သားရှားပါးမှု ပြဿနာရော ဒီလျှပ်စစ်မီးမမှန်တဲ့ ပြဿနာရော စိုက်ပျိုးမြေဧရိယာတွေမှာ စိုက်ပျိုးတောင်သူတွေ မရှိတော့တာ၊ ရွာတွေပျက်လာတာက ပြဿနာရဲ့ အရင်းအမြစ်ပဲ။ ဟိုတော်တော်များများ ပျက်စီး ဆုံးရှုံးသွားပြီးဆိုတော့ အဲဒါတွေက ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးလို့ ပြောလို့ရတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပါက ဆင်းရဲချမ်းသာမရွေး သက်ရောက်မှုရှိလာမှာ ဖြစ်ပေမယ့် အခြေခံလူတန်းစား ပြည်သူတွေကတော့ အလူးအလဲပိုမိုခံစားရမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အိမ်ရှင်မတစ်ဦးကလည်း အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်းတွေ ဆက်တိုက်ဆိုသလို မြင့်တက်နေပြီး ထပ်မံမြင့်တက်လာပါက စားဖို့သောက်ဖို့အတွက်ပင် လုယက်တာတွေကအစ ဖြစ်လာနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“ကုန်ဈေးနှုန်းတွေက နှစ်ဆမဟုတ်ဘူး။ သုံးဆထိအောင် မြင့်တက်နေတာပေါ့နော်။ ဝင်ငွေထွက်ငွေ မမျှတတဲ့ အခါရောက်တော့ လူတွေက ကိုယ်ဝမ်းပူဆာ မနေသာပေါ့နော်။ မနေသာရင် မဖြစ်ရင် ဖြစ်တဲ့ နည်းလမ်းနဲ့ လုပ်ကြလိမ့်မယ်လို့ထင်တာပဲ။ ဘာလို့ဆို ပြည်သူတွေမှာ ဒုက္ခအရမ်းကြီးလည်း ခံပြီးရပြီးလေ။ ဒီစားဝတ်နေရေးအတွက် ကိုယ်မိသားစုအတွက် စားဖို့သောက်ဖို့ လုကြယက်ကြတာတွေ မဖြစ်လာဘူးလို့လည်း ပြောလို့မရဘူး” လို့ ဆိုပါတယ်။

ကုလသမဂ္ဂကတော့ စစ်ကောင်စီဟာ နယ်မြေတွေကို လက်လွှတ်လိုက်ရတာနဲ့အမျှ လက်နက်ကိုင်အဖွဲ့တွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အကူအညီ ပေးတာတွေကို ပိတ်ဆို့ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို ပိတ်ဆို့ထားတာကြောင့် နေရပ်ရွှေ့ပြောင်းရတဲ့ ဒုက္ခသည်စခန်းတွေက အမျိုးသမီးနဲ့ က လေးတွေဟာ ရိက္ခာ မလုံလောက်မှုကို အဆိုးဆုံးကြုံတွေ့နေရသလို ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေကြား ကလေးငယ်သေဆုံးနှုန်း မြင့်မားတာနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာ့လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လတ်တလော စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတဲ့အပြင် ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း ပြည်သူ ၁၉ ဒသမ ၉ သန်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.