ရေး၊ မတ် ၁၅
မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က တပ်ဖွဲ့ဝင်ခြောက်ဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက် ခံ တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးဟာ ရေးဘီလူးအဖွဲ့နဲ့ ချိတ်ဆက်ပြီး မတ် ၁၄ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ အလင်းဝင်လာတာဖြစ်ပြီး သူတို့ကိုတော့ စကခ ၁၉ အရှေ့ရှိ တပ်တော်ဦးကင်းစခန်းနေရာကနေ သွားရောက်ခေါ်ဆောင်ခဲ့တာပါ။
အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင်ခြောက်ဦးဟာ တပ်ကြပ် ဇူလိုင်ဌေး၊ တပ်သား စောပြည့်ဟိန်း၊ ဝေယံထွဋ်၊ ခွန်အေးနိုင်စိုး၊ ကျော်သက်ဦး၊ ဝေမင်းပိုင်တို့ဖြစ်ပြီး တပ်ကြပ်ဇူလိုင်ဌေးကတော့ MA 3 သေနတ် တစ်လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည် ၆၀ ယူဆောင်လာခဲ့တာပါ။
လက်နက်ခဲယမ်း ယူဆောင်လာတဲ့ တပ်ကြပ်ဇူလိုင်ဌေးကို ကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့ပြီး အလင်း ဝင်လာတဲ့ တပ်သားတွေရဲ့ နေထိုင်စားသောက်ရေး စီစဉ်ပေးထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်း ဆောင်က ပြောပါတယ်။
ဒါ့အပြင် အလင်းဝင်လာသူတွေရဲ့စိတ်ဆန္ဒအတိုင်း စစ်ကောင်စီကို ပြန်လည်တွန်းလှန်လိုပါက တိုက် ခိုက်ခွင့်ပေးသွားမှာဖြစ်သလို လွတ်မြောက်နယ်မြေ သွားရောက်လိုပါက တတ်နိုင်သလောက်ကူညီပေးသွားမယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းကာလအတွင်း ရေးဘီလူးအဖွဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ရဲ ၂၀ ကျော်ရှိနေပြီး ကျန်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အချိန်မရွေး ဆက်သွယ်အလင်းဝင်နိုင်တယ်လို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရေးဘီးလူးအဖွဲ့