မော်လမြိုင်၊ မတ် ၁၃

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အစိုးရတွေအနေနဲ့ မြန်မာနိုင်ငံမှာကျင်းပမယ့် အတုအယောင် ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Right Watch) က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘီလာရုစ်နိုင်ငံကို သွားရောက်လည်ပတ်ချိန် လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြော ဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရက်စက်ကြမ်းကြုတ်မှုတွေကို အများအပြားကျူးလွန်ခဲ့သလို အတိုက်အခံ နိုင်ငံရေးသသမားတွေကိုလည်း မတရားဖမ်းဆီးချုပ်နှောင်တာနဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာတွေ ပြုလုပ်ခဲ့တာကြောင့် လွတ်လပ်ပြီး တရားမျှတမယ့် ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ HRW က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင် အားစုတွေရဲ့ ဒေသတွေမှာ စစ်ရေးအရ ညှင်းပန်းနှိပ်စက်မှုတွေ များပြားလာတယ်လို့ ဖော်ပြထားပါတယ်။

HRW ရဲ့အဆိုအရ ယုံကြည်ရတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် မြန်မာစစ်ခေါင်းဆောင်တွေဟာ နိုင်ငံကို လုံလုံလောက်လောက် မထိန်းချုပ်နိုင်တဲ့အပြင် မြို့နယ်ပေါင်း ၃၃၀ မှာ ၁၄၅ မြို့နယ်ကိုသာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပြီး နိုင်ငံရဲ့ တစ်ဝက်အောက်သာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အာဆီယံအဖွဲ့နိုင်ငံတွေ ဂျပန်၊ တောင်ကိုးရီးယားနဲ့ အိန္ဒိယနိုင်ငံတွေအပါအဝင် အာရှတစ်ဝှမ်းရှိ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့လည်း စစ်ရေးအရ ထိန်းချုပ်ဖို့သာဖြစ်တဲ့ တရားဝင်ဖြစ်စေမယ့် အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့ Human Right Watch က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.