လောင်းလုံး၊ မတ် ၁၄
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအနီးရှိ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းနဲ့ မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
စစ်ကောင်စီရဲ့ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းနဲ့ မောင်းမကန်ရဲစခန်းတို့ကို မတ် ၁၃ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက် ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်ထန်းခဲ့တာပါ။
လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က မနက် ၁၀ နာရီအချိန်ခန့်မှာ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊ နေ့လည် ၁၂ နာရီလောက်မှာ လေယာဉ်နဲ့ဗုံးကြဲတိုက် ခိုက်မှုတစ်ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မောင်းမကန်ရဲစခန်း တိုက်ပွဲမှာတော့ စမ်းလှမ်းကျေးရွာအနီး ပင်လယ်ပြင်မှာ ရပ်ထားတဲ့ စစ်သ င်္ဘောကနေ လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လောင်းလုံးတိုက်ပွဲအတွင်း အရပ်သားပြည်သူတချို့ ထိမှန်ဒဏ်ရာရရှိထားကြောင်း သိရပေမယ့် အရေအတွက်ကိုတော့ သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲကတော့ ညနေ ၃ နာရီအချိန်ခန့်မှာ သေနတ်အသံတွေ ရပ်နားသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
လောင်းလုံးမြို့နယ်က စစ်ကောင်စီတပ်စခန်း နှစ်ခု တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်ရှိ စရဖ၊ ထွေအုပ်နဲ့ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်း တပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေ ဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ