ကော့ကရိတ်၊ မတ် ၁၄

စစ်ကောင်စီသြဇာခံ ဌာနေပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကော့တုံဌာနချုပ်ခေါင်းဆောင် နိုင်အိုင်ချမ်း သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မတ် ၁၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာကနေ ကွမ်းရွက်ဝယ်ပြီး ကော့တုံကျေးရွာဘက်ကို တစ်ဦးတည်း ကားနဲ့ပြန်လာတဲ့ နိုင်အိုင်ချမ်းကို လက်နက်ကိုင်အဖွဲ့ တစ်ခုက ဇီးဖြူကုန်းကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် နိုင်အိုင်ချမ်းဟာ ဦးခေါင်းကျည်နဲ့ ခန္ဓာကိုယ်အနှံ့ ကျည်ဖောက်ဝင် ဒဏ်ရာရတွေရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့ဟာ နိုင်အိုင်ချမ်းကို ပစ်သတ်ပြီးနောက် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကော့တုံဌာနချုပ်ကို လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ကော့တုံဌာနချုပ်မှာ လုံခြုံရေးယူနေတဲ့ နိုင်အိုင်ချမ်းရဲ့ တပည့်ဖြစ်သူ ဖိုးတုတ် သေဆုံးသွားတယ်လို့ ပြောဆိုကြပေမယ့် ဒီဖြစ်စဉ်အပေါ် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအ တည်ပြုနိုင်တာ မရှိသေးပါဘူး။

သေနတ်နဲ့ ပစ်သတ်ခံရလိုက်တဲ့ နိုင်အိုင်ချမ်းဟာ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်အတွက် သတင်းထောက်လှမ်းတာ၊ မူးယစ်ဆေးဝါးဖြန့် ဖြူးတာ၊ လောင်းကစားဝိုင်းတွေ ဦးဆောင်ဖွင့်လှစ်နေသူဖြစ်တယ်လို့ ဆိုကြပါတယ်။

နိုင်အိုင်ချမ်း ပစ်သတ်ခံရတဲ့ ကော့ဘိန်းဒေသဟာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ စစ်ရေးလှုပ်ရှားတဲ့ ဒေသလည်း ဖြစ်ပါတယ်။

နိုင်အိုင်ချမ်း ပစ်သတ်ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်ချမ်းလဝီထံ သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ၂၀၁၀ ခုနှစ် အောက် တိုဘာ ၁၀ ရက်နေ့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့တာပါ။

အဲဒီနောက် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီတပ်နဲ့ လက်တွဲကာ ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲရပ်တည်သွားမယ်လို့ တရားဝင်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.