နေပြည်တော် ၊ မတ် ၁၄

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE အပေါ် ဆွစ်ဇာလန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို Justice For Myanmar (JFM) က ကြိုဆိုတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

အဲဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ MOGE အပေါ် ဥရောပသမဂ္ဂ EU က ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ပြီးနောက်မှာ လိုက်ပါလုပ်ဆောင်လိုက်တာလို့ မတ် ၁၁ ရက်နေ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

MOGE အပေါ် အခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့အ ကြမ်းဖက် စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေဖြည့်တင်းဖို့ ရေနံနဲ့သဘာဝဓါတ်ငွေ့ကဏ္ဍကနေ ဘဏ္ဍာငွေ ရှာဖွေရရှိနေနိုင်တဲ့ စစ်အုပ်စုရဲ့ကယ်ပေါက်တစ်ခုကို ပိတ်ပင်ရာမှာ အရေးပါလှတယ်လို့ JFM က ဆိုပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းတွေအရ မြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့မှုမှာ ပြီးခဲ့တဲ့၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီကနေ ဇွန်လအထိ ၃ လ အတွင်းမှာတင် အမေရိကန်ဒေါ်လာ ၈၄၁ ဒသမ ၇ သန်းရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရေနံနဲ့သဘာဝဓါတ်ငွေ့ကဏ္ဍဟာ စစ်အုပ်စုအတွက် နိုင်ငံခြားငွေနဲ့အခွန်ဝင်ငွေအများဆုံး ရှာဖွေပေးနေတဲ့ ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။

အဲဒီဝင်ငွေတွေကို စစ်အုပ်စုက နိုင်ငံတကာရာဇဝတ်မှုတွေမြောက်တဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ စစ်လက်နက်တွေနဲ့ လေယာဉ်ဆီတွေ ဝယ်ယူရာမှာ အသုံးပြုနေတာပါ။

ဒါကြောင့် ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျနိုင်ငံတို့ကလည်း ဆွစ်ဇာလန်ရဲ့လမ်းကြောင်းအတိုင်း လိုက်ပါပြီး MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလျင်အမြန် လုပ်ဆောင်ဖို့ Justice for Myanmar က တိုက်တွန်းတောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.