မော်လမြိုင် ၊ မတ် ၆

မော်လမြိုင်မြို့အနီးက နိုင်ငံတကာအဆင့်မီ ဆိမ်ကမ်း၁ခုနဲ့ အပြည်ပြည်ဆိုင်ရာ လေ ဆိပ်စီမံကိန်း အသစ် (၁)ခုကို စီမံကိန်းရေးဆွဲပြီး (၃)နှစ်ကျော်အကြာမှာ စစ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ ပင်လယ်ဆိပ်ကမ်းကို မုဒုံမြို့နယ်ရှိ ပင်လယ်ထွက် ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာကြားမှာ လျာထားသလို အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုတော့ ကော့ပရံကျေးရွာအနီးမှာ လျာထားတာ ဖြစ်ပါတယ်။

ဆိမ်ကမ်းနဲ့ လေဆိပ်စီမံကိန်းအတွက် ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင် ဘာလ ၁၀ ရက် နေ့မှာ စစ်ကောင်စီ လက် အောက်ခံ ပြည်ထောင်စုဝန်ကြီးတွေပါဝင်တဲ့ စီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက် လက်ရှိ ၃နှစ်ကျော်အကြာမှာ ကနဦးလုပ်ငန်းတွေ ဆောင်ရွက်လာတာပါ။

ဒေသခံတစ်ဦးကတော့ စစ်ကောင်စီလက်အောက်ခံတွေက ပြီးခဲ့တဲ့လကစတင်ပြီး လေဆိပ်စီမံ ကိန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော် လုပ်ဆောင်နေသလို ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်တဲ့ တူးမြောင်းတူးဖော်တာတွေကိုတော့ ခဏရပ်ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က စီမံကိန်းမစတင်ခင် စစ်ကောင်စီက သိမ်း ဆည်းထားတဲ့ လယ်ယာမြေတွေကို အခကြေးငွေယူကာ စပါးတွေစိုက်ပျိုးခွင့်ပြုခဲ့ပေမယ့် လက်ရှိစိုက်ပျိုးခွင့်မပြုဘဲ အကုန်လုံးရှင်း လင်းထားခိုင်းတယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း လက်ရှိစစ်ကောင်စီအနေနဲ့ လေယာဉ်ကွင်းစီမံကိန်းနဲ့ ပတ်သက်ပြီး မြေဖို့တာတွေ မြေတူးတာတွေကို စတင်လုပ်ဆောင်နေပြီဖြစ်သလို သိမ်းဆည်းထားတဲ့ လယ်ဧကကျယ်ပေမယ့် အခုချိန်ထိတော့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်သေးဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ လေဆိပ်နဲ့ ဆိပ်ကမ်းစီမံကိန်းကို ကနဦးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပေမယ့် ဘယ်လိုပုံစံလုပ်ဆောင်သွားမလဲဆိုတာကိုတော့ ချပြတာမရှိသလို စီမံကိန်းပြီးဆုံး ကာလကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

တဖက်မှာ စစ်ကောင်စီကတော့ မော်လမြိုင်မြို့အနီးမှာ တည် ဆောက်မယ့် နိုင်ငံတကာအဆင့်မီ ပင်လယ် ဆိပ်ကမ်း ၁ခုနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အသစ် ၁ခု အတွက် မြေဧကပေါင်း (၄၆၉၅.၅၈) ဧကကို အသုံးပြုသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.